မော်စီ >> မော်စီနဲ့ သူ၏ ၀ါးတီးများ

Sunday, November 30, 2008

ပိုစ့်မတင်ဖြစ်တာလည်း ကြာပြီး ဘလော့လည်းသိပ်မလည်ဖြစ်ဘူး။ ဘာတွေရှုပ်နေတာလဲလို့တော့ မမေးနဲ့ ကျနော်ကိုယ်တိုင်တောင် မသိဘူး။ ဒါပေမယ့် တစ်ကယ်ရှုပ်နေတာ။ ဒီနေ့လည်း ဘာရယ်ဟုတ်ပါဘူး အိမ်တံခါးကိုဖွင့်ကြည့်လိုက်နဲ့ ကိုနေလင်းက တံခါးဝမှာ ညီလေးမော်စီရေ တက်ထားတဲ့ ရေးပေးပါအုံးနော်တဲ့။ အင်း အဲဒါနဲ့ ဟုတ်ပြီးလေ တက်ထားတယ်ဆိုတော့ ရေးရတော့မယ်ဆိုတာ သေချာနေပြီး။ ဒါပေမယ့် Holiday မှာရေးပါ့မယ်ဆိုပြီးကိုနေလင်း စီဗုံးမှာသွားအော်မလို့ သူ အစားသောင်းကျန်းတာကိုဖတ်ပြီး အားကျတာနဲ့ ချက်ချင်းပဲရေးလိုက်တာပါ။

ကျနော် မိဘတွေဆီက စောစောစီးစီးအမွေရထားတာတွေရှိတယ်။ ကျနော့်အဖေက ဖြစ်သလိုအိပ်တတ်တယ် ဖြစ်သလိုတော့ မစားနိုင်ဘူး။ အဲ အမေကကျတော့ ဖြစ်သလိုတော့ စားနိုင်တယ် ဖြစ်သလိုမအိပ်တတ်ဘူး။ အဲဒီတော့ ကျနော်က ဖြစ်သလိုမအိပ်တတ်သလို ဖြစ်သလိုလည်း မစားတတ်တော့ရော။ ဒါပေမယ့် အစားအသောက်မှာတော့ သိပ်ကျီမများပါဘူး။ ဟိုဟာမစား ဒီဟာမစားရှောင်တာလဲ သိပ်တော့မရှိပါဘူး။ ဟို ဘုရားဟောထားတဲ့ မစားသင့်တဲ့ အသားဆယ်မျိုးကလွဲရင် ရေသူမတောင် အောက်ပိုင်းရရင် စာချင်သေးရဲ့။

သို့ပေမယ့်လည်း ခရမ်းချဉ်သီးကတော့ ကျနော့်ရန်သူပဲ။ ခရမ်းချဉ်သီးကို မစားချင်လို့မဟုတ်ဘူး စားလို့မရတာ။ စားမိလို့ကတော့လား အရင်စားထားတဲ့အစာတွေ တစ်ခုမကျန်ပြန်ထွက်တော့တာပဲ ပြီးရင်း မူးသလိုလို အန်ချင်သလိုလိုနဲ့။ ခရမ်းချဉ်သီးကလွဲရင် ကျန်တဲ့အသီးအရွက်မှန်သမျှ အကုန်လွေးပါတယ်။ အဲ ခရမ်းချဉ်သီးကို မစားပေမယ့် ခရမ်းသီးကျတော့ တော်တော်လေးကြိုက်မိပါတယ်။
မော်စီနဲ့ သူ၏ ၀ါးတီးများ
ကျနော် မုဒုံမှာနေတုန်းကတော့ ၀က်သားတုတ်ထိုးဆိုင်ဆို မကြာမကြာရောက်ဖြစ်တယ်။ အဲဒီ ၀က်သားတုတ်ထိုးဆိုင်က အဒေါ်ကြီးအိမ်ပြင်တာ ကျနော့်ပိုက်ဆံအများကြီးပါတယ်။ ပြီးရင် ကြေးအိုးနဲ့ ဆီချက် ကိုတော့ တစ်လှည့်စီပေါ့။ ကြားထဲမှာ ထမင်းပေါင်းက ပါလိုက်သေးတယ်။ နောက်တော့ ပလီရှေ့က စာမူဆာသုပ်ကလည်းမလွတ်ပြန်ဘူး။ ပြီးတော့ ကန်ကြီးက ဘူးကြော်နဲ့ ကြာဇံဟင်းခါး ကလည်းကောင်းနေတော့ သွားစားဖြစ်တာပေါ့လေ။ မနက်ပိုင်းမှာဆိုရင် ဘိုတဲထိပ်က မုန့်ဟင်းခါး၊ အုန်းထမင်း၊ သင်္ကြန်ထမင်း၊ နန်းကြီးသုပ် တစ်လှည့်စီ ပုံမှန်သွားစားတယ်။

ဖြစ်သလိုစားတယ်ဆိုပြန်တော့ ဘယ်လိုပြောမလဲ အဲလိုစားဖို့သောက်ဖို့ သိပ်အဆင်မပြေတော့တဲ့အခါမှာတော့ ကြက်သွန်သုပ်စား တယ်ဗျ။ အဆင်မပြေတဲ့အခါ ကြက်သွန်သုပ်က စားလို့တော်တော်ကောင်းတယ်နော်။ ကျနော့်ကြက်သွန်သုပ်က ဒီလိုဗျ …. ကြက်သွန်နီ နှစ်လုံးလောက်ကို ပါးပါးလေးလှီး၊ ဆီအနည်းငယ်ထည့်၊ ပြီးရင် ငရုတ်သီးမှုန့်လေးထည့်၊ ပုဇွန်ခြောက်လေးရှိရင်တော့ ရှယ်ပေါ့ဗျာ မရှိရင်တော့ ငံပြာရည်လေးနည်းည်းထည့်လိုက် အဲ နည်းနည်းချင်စေချင်ရင်တော့ သံပုရာရည်လေးညစ်ထည့်လိုက်ပေါ့ ပြီးရင်တော့ လွေးပေတော့ဗျို့။ ဒါမှမဟုတ်ရင်တော့ ကြက်ဥကြော်စားတယ် အဲလိုမှမဟုတ်ရင် ခေါက်ဆွဲပြုတ်စားဖြစ်တယ်။ အခုတစ်လော အစားအသောက်အဆင်ပြေနေလို့ ကြက်သွန်သုပ်တောင် မစားဖြစ်တာ အတော်ကြာပြီး။

ကြက်သွန်သုပ်ကို ကျနော်ပြောတဲ့အတိုင်းတာ သုပ်စားကြည့်လိုက် စွဲသွားစေရမယ်။ မယုံမရှိနဲ့နော် အဲဒါတစ်ကယ့် ဖြစ်ရပ်အမှန်တွေ။ ကဲ့ ကိုနေလင်းရေ ရေးလိုက်ပြီးဗျို့။ တစ်ခြားသူတွေကိုတော့ လိုက်မတက်တော့ပါဘူးဗျာ ကျနော်အခုတလော ဘလော့သိပ်မလည် ဖြစ်သေးလို့။ဘလော့ဂါမောင်နှမများအားလုံး ပျော်ရွှင်ကြပါစေဗျာ . . .

0 comments: