ပီကေ >> အော် .... ဆောင်း၊ ဆောင်း

Monday, December 1, 2008

၂၀၀၇ နိုဝင်ဘာလက ဖြေထားတဲ့ TAG တစ်ပုဒ်ကို ပြန်တင်ပေးလိုက်ပါတယ်။ ထပ်ဆင့်ပြီးတော့ ကူညီအားဖြည့်နေကြတဲ့ ညီငယ်၊ ညီမငယ်တွေကိုလည်း ထပ် TAG လိုက်ပါရစေ။ ကဲ Idulize ရေ၊ မင်းက စရေးကြည့်ပါလား။

ဝဝဝဝဝ xxxxx ဝဝဝဝဝ

`ဆောင်း´ ဆိုတဲ့ စကားလုံးကိုကြားရင် မအေးတတ်တဲ့ ရန်ကုန်ကို ကျနော်မုန်းပါတယ်။ မန္တလေး မှာ မွေးပြီး အဲဒီမှာပဲ ကြီးပြင်းလာတော့ အေးတယ်ဆိုတာကို ကောင်းကောင်းသိနေပါတယ်။ ရန်ကုန်ရောက်တော့ ဆောင်းတွင်းဆိုတာကို လိုက်ရှာနေမိတယ်။ ကျနော်ငယ်ငယ်က ဆောင်းတွင်းဆို သိပ်သဘောကျတယ်။ အိပ်ရတဲ့အချိန် ပိုများလာလို့လေ။ ညတာရှည်လာတာကိုး။ နည်းနည်းမှောင်တာနဲ့ မေမေညရောက်ပြီ အိပ်တော့မယ်ဆိုပြီး ၀င်အိပ်တာပဲ။ နောက် ဆောင်းတွင်းမှာ အေးလွန်းလို့ဆိုပြီး အင်္ကျီ (၇)ထပ်ထိ ၀တ်ဖူးတယ်။ အဲဒီလိုဝတ်ရင် အပေါ်ဆုံးအထပ်က အဖေ့အင်္ကျီကို ၀တ်ရတယ်။ အလယ်ထပ်က အကို့အင်္ကျီပေါ့။ ဖြစ်နေမယ့်ပုံစံကို မှန်းကြည့်ပါလား။ အဟိ၊ ရွှေငါးကို လေမှုတ်ထားသလို ဖြစ်နေတာ။ သေးသေးလုံးလုံးလေး။
ရန်ကုန်သား၊ ရန်ကုန်သူတွေကို ကျနော် အမှန်သနားမိပါတယ်။ မိမိ ၀ယ်ထားတဲ့ စွယ်တာအင်္ကျီတွေ၊ ခေါင်းစွတ်တွေ၊ မာဖလာတွေကို ကျိုက်ထီးရိုးမှာမှ အဲဒီလောက်မအေးပါဘဲ ထုတ်ဝတ်နေကြရတယ်။ ရန်ကုန်မြို့မှာ ၀တ်ဖို့ အခွင့်အရေးမှ မရှိနိုင်ဘဲကိုး။

အေးတာကို ကြိုက်တယ်ဆိုပေမယ့် ဆောင်းတွင်းချမ်းအေးအေးကြီးနဲ့ မလုပ်ချင်တဲ့အလုပ် နှစ်ခုရှိတယ်ဗျ။ တစ်ခုကရေချိုးတာ။ ဒါလူတိုင်းခံစားမိမယ်ထင်တယ်။ အတော်အေးတာဗျ။ လေးဘက်လေးတန်ကနေ လေအေးအေးတွေ တိုက်နေတဲ့အချိန်မှာ ရေခဲပျော်ရည်လိုရေမျိုးနဲ့ ဘယ်လိုရေချိုးရမလဲ။ အမြဲတမ်းရေချိုးခါနီး ပထမဆုံးရေခွက်ကိုလောင်းဖို့ တစ် နှစ် သုံး ရေရတယ်။ တစ်ကနေရေတာ တစ်ရာကိုသာရောက်တယ်။ မလောင်းဖြစ်ဘူး။ ဒါဆို အမေက အမြင်ကပ်ပြီး ကျနော်မသိအောင် ရေနဲ့ ပက်တယ်။ အားလို့ ကုန်းအော်ပြီး ကိုယ့်ဖာသာ ရေစလောင်းဖြစ်တယ်။ ဒါကို တစ်ရပ်ကွက်လုံးကြားတယ်လေ။ ကျနော်က ခရီးထွက်တာများတော့ အိမ်မှာရှိခဲတယ်။ အဲဒီ အားဆိုတဲ့အသံကြားရရင် ကျနော်ပြန်ရောက်ပြီဆိုတာ တစ်ရပ်ကွက်လုံးသိသွားပြီ။ ဒါဆို စာမေးချင်တဲ့ကလေးတွေ ရောက်လာကြတယ်။ အားဆိုတဲ့ အသံကိုကြားလို့လာတာတဲ့။ ဆောင်းတွင်းမှာ အမြဲတမ်း ဂဏန်းရေတယ်။ အမြဲတမ်း `အား´အော်တယ်။ ဒါ ပီကေရဲ့ သင်္ကေတတစ်ခုပဲ။

ဆောင်းတွင်းရေချိုးတာနဲ့ ပတ်သက်ပြီး ကျနော့်သူငယ်ချင်းတွေကို သတိသွားရတယ်။ ၂၀၀၂ ခုနစ်က သူငယ်ချင်း(၁၀)ယောက် လည်ရင်းလည်ရင်းနဲ့ ဗန်မော်ရောက်သွားတယ်။ ဇန္န၀ါရီလဆိုတော့ အတော်အေးတယ်ဗျ။ မနက်မိုးလင်းလာရင် အရှေ့ရေကန်ထဲမှာ အပေါ်မျက်နှာပြင်ရေခဲနေပြီ။ အပေါ်ယံ ထုခွဲပြီး မျက်နှာသစ်ရတယ်။ ကျနော်တို့ တည်းခိုခန်းမှာတည်းတော့ တည်းခိုခန်းကအန်တီကြီးက ရေချိုးချင်ရင် ရေနွေး များများကြိုပေးမယ်လို့ပြောတော့ မိန်းကလေးတွေက စိတ်ဝင်စားနေကြတယ်။ မနေ့က ခရီးကြမ်းနှင်လာတာဆိုတော့ လူတွေလည်း မျောက်နီတွေ ဖြစ်နေကြတယ်။ ခဏနေ ထွက်လည်အုံးမှာဆိုတော့ ရှိုးကလေးနဲ့ သွားချင်ကြသပေါ့ဗျာ။ အလည်သွားမယ့်နေရာတွေကို ကျနော်နဲ့သူငယ်ချင်းတစ်ယောက်က စီစဉ်တာဆိုတော့ ကျနော်တို့က အစီအစဉ်ကို ဦးအောင်သိနေပြီး သူတို့ကိုပြောမပြဘူး။ မိန်းကလေး (၇) ယောက်ပါတယ်။ သူတို့ကို ရေမြန်မြန်ချိုးပေါ့။ ပြီးရင်ကျနော်တို့ ချိုးမယ်ဆိုပြီး အရင်ချိုးခိုင်းတယ်။ သူတို့လည်းပြီးရော မချိုးတော့ပါဘူးဆိုပြီး ဗန်းမော်မြို့ထဲ လျှောက်လည်ကြတယ်။ လျှောက်လည်တဲ့နေရာလည်း ရောက်ရော ကျနော်တို့နှစ်ယောက်ကို ၀ိုင်းပြီး မေတ္တာပို့ကြပါလေရော။ ကျနော်တို့ သွားတဲ့နေရာက ရေပူစမ်းလေ။

နောက်တစ်ခု သတိရမိတာကတော့ ဆောင်းတွင်းနဲ့ မဆိုင်ပါဘူး။ ဒါပေမယ့် ဗန်းမော်ခရီးစဉ်နဲ့ အဆက်အစပ်မို့ပါ။ ဗန်းမော်မှာ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် လမ်းလျှောက်ကြတယ်။ မြစ်နှုတ်ခမ်းမှာ ၁နှစ်သားအရွယ်ကလေးတစ်ယောက်ရဲ့ ခေါင်းလောက်ရှိတဲ့ ကျောက်စရစ်ခဲတွေ အများကြီးပဲ။ မြစ်ဘေးမှာ ကျောက်စရစ်ခဲတွေချည်းပဲ။ အတော်လှတာဗျ။ ကျနော်တို့အထဲမှာ တော်တော်အူတဲ့ မိန်းကလေးသူငယ်ချင်း တစ်ယောက်ရှိတယ်။ သူဘယ်လောက်အူသလဲ ပြောပြမယ်။ သူက မြစ်ဘေးမှာလမ်းလျှောက်တော့ ကျောပိုးအိတ်လွယ်ထားတယ်။ ကျနော်နဲ့ နောက်သူငယ်ချင်းနဲ့ သူ့အနောက် ဘယ်ညာနေပြီး လမ်းလျှောက်ရင်း စကားပြောလိုက်လာတယ်။ ဒါအကြံကြီးနဲ့ပါ။ ဟိုသူငယ်ချင်းက စကားပြောရင်း သူမသိအောင် ကျောပိုးအိတ် ကလေး အလိုက်သင့် မ,ပေးထားတယ်။ ကျနော်ကလည်း စကားပြောမပျက် သူ့ကျောပိုးအိတ်ထဲကို ခုနကပြောတဲ့ ကလေးခေါင်းလောက်ရှိတဲ့ ကျောက်စရစ်ခဲထည့်နေတယ်။ ကျနော်တို့ သူမသိအောင် ထည့်လို့ရသွားတယ်။ သူ တည်းခိုခန်းပြန်ရောက်ပြီး လွယ်အိတ်ဖွင့်ကြည့်မှ သိရတယ်လေ။ ဘယ်လောက်အူလဲ တွေ့လား။ သူကပြောသေးတယ်။ `ဒါကြောင့် လမ်းလျှောက်ရင်းလေးလေးလာတယ် အောက်မေ့တာ။ ဘယ်ကောင်စုတ်က လာထည့် .......´။ ဘာညာကွိကွပေါ့ဗျာ။ ကျနော်တို့ကို သံသယရှိပေမယ့် သက်သေမရှိတော့ သူမျက်စောင်းပဲထိုးနိုင်တယ်။ ကျနော်တို့လည်း အပိုင်ပဲပေါ့လို့ အောက်မေ့နေတာ။ ပြန်လည်းရောက်ရော ဓါတ်ပုံတွေကူးကြတော့ သူကပြေးလာပြီး `ဟေ့ကောင်တွေ ဒီမှာလက်ပူးလက်ကြတ်မိပြီ။ ဘာချင်သေးလဲ။´ဆိုပြီး ဓါတ်ပုံထိုးပေးတော့ ကြည့်လိုက်မိတယ်။ ဟုတ်ပါ့ဗျာ။ တစ်ယောက်က ကျောပိုးအိတ်ကိုင်ပြီး ကျနော်က ခဲလုံးကြီးကိုင်လို့ အိတ်ထဲရောက်လုရောက်ခင် ပုံထဲမှာ ကွက်ကွက်ကွင်းကွင်းကြီး မြင်နေရတယ်။ ကျိန်ဆဲလိုက်တာ နှစ်ရက်လောက် တရားတော်နာလိုက်ရတယ်။

နောက်တစ်ခု ဆောင်းတွင်းအေးအေးမှာ မလုပ်ချင်ဆုံးအလုပ်ကတော့ အိမ်သာတက်တာပဲ။ ဒါကိုတော့ အတော်စဉ်းစားရ ခက်မယ်ထင်တယ်။ စဉ်းစားကြည့်လေဗျာ။ အေးလို့ တစ်ကိုယ်လုံး လုံလုံခြုံခြုံ ၀တ်ထားခါမှ အိမ်သာတက်ဖို့ ချွတ်ရတော့မယ်။ အဲဒီအချိန်များ လေကလေးတစ်ချက် ဝေ့လိုက်ရင်ဖြင့် `အောင်မလေး ကျောချမ်းစရာကြီး´ မဟုတ်တော့ဘူး အင်း .....။ တောမြို့တစ်မြို့မှာများဆို ပိုဆိုးသေး။ အောက်ကဟောင်းလောင်းလေ။ ထရံကြားက လေကတိုးသေး။ လေမဟတ်အောင် ဘယ်လိုကာမလဲ စဉ်းစားလို့ကို မရဘူးလေ။ ဒါတွေက ရှောင်လွှဲလို့မရတဲ့ လောကဓံတွေလား မသိဘူးဗျာ။ ရေချိုးတာနဲ့ အိမ်သာတက်တာ ဆောင်းတွင်းမို့ မလုပ်ပါရစေနဲ့လို့ ပြောပြန်ရင်လည်း ကိုယ့်ဒုက္ခ ကိုယ်ရှာသလို ဖြစ်နေတော့ မယ်။
အော် .. ဒါနဲ့ သတိရလို့ အဖြစ်အပျက်တစ်ခု ပြောပြရအုံးမယ်။ တစ်နေ့မနက် သူငယ်ချင်းတစ်ယောက် ရေးကြီးသုက်ပြာနဲ့ အိမ်ကိုရောက်လာတယ်။ လက်ထဲမှာလည်း A4 စာရွက်နှစ်ရွက်ကိုင်လို့။ ကျနော့်ကိုတွေ့တော့ `ဟဲ့ကောင်၊ ဒီမှာလက်မှတ်ထိုး´လို့ပြောပြီး စာရွက်တွေထိုးပေးတယ်။ ကျနော်က မဖတ်သေးဘဲ `ဘာတွေလဲကွ´ လို့မေးတော့ `ငါ သီအိုရီတစ်ခု ထုတ်ထားတယ်။ ဒါကို မင်း ထောက်ခံတဲ့အနေနဲ့ လက်မှတ်ထိုးပေးရမယ်။ လျှာရှည်မနေနဲ့။ ကျန်တဲ့ကောင်တွေရဲ့ လက်မှတ်တွေ ငါယူပြီးပြီ။ မင်းပဲကျန်တော့တာ။ မြန်မြန်ထိုး။´လို့ ကျနော့်ကို ဟောက်တယ်။ ဒါနဲ့ ကျနော်လည်း ဘာများလဲလို့ သူ့ရဲ့ခေါင်းစဉ်ကိုအရင် ဖတ်ကြည့်လိုက်တယ်။ ဖတ်ပြီး ရယ်ချပစ်လိုက်တယ်။ ဒါကြောင့် `ဟဲကောင်၊ မင်းက ငါရေးတာ မှားနေတယ်ဆိုပြီး ပြောင်တာလား။ အောက်မှာ ဖတ်ကြည့်။ သက်သေ သက္ကာရတွေ အများကြီးပါတယ်။´ လို့ ရှုတီတီနဲ့ ကျနော့်ကိုပြောတယ်။ ကျနော်လည်း လက်မှတ်ထိုးပေးရခက်၊ မထိုးပေးရခက်ဖြစ်နေတယ်။ အဲဒီအချိန်မှာ `ဟဲကောင် မြန်မြန်လုပ်။ ငါ သူများကို သွားပေးရဦးမှာ။´ လို့သူကပြောတော့ ကျနော်လန့်သွားတယ်။ လက်မှတ်ထိုးရမယ့် သူငယ်ချင်းတွေလည်း သူ့စာရင်းထဲမှာ ကုန်နေပြီလေ။ ဒါကြောင့် စပ်စုပြီးမေးကြည့်တော့ သူကျိတ်ကြိုက်နေတဲ့ ကောင်မလေးကို သွားပေးမလို့တဲ့။ ဒါနဲ့ ကျနော်လည်း ထိန်းမထားနိုင်လောက်အောင် ဟားတိုက်ပစ်လိုက်တယ်။ သူလည်း ဒေါကြီးမောကြီးနဲ့ ထိုးမလားမထိုးဘူးလားလို့ မေးလာတော့ အားလုံးလည်းထိုးထားတာပဲ ကိုယ်လည်း ထိုးလိုက်တာကောင်းပါတယ်လေဆိုပြီး ထိုးပေးလိုက်တယ်။ အော် သူ အဲဒီကောင်မလေးကို အတော်သောက်မြင်ကပ်နေပါလားလို့ ကျနော်တွေးလိုက်မိတယ်။ လက်မှတ်ထိုးပြီး သူလုယူသွားလို့ ကျနော် သူ့စာအရှည်ကြီးကို မဖတ်လိုက်ရပါ။ သူ့ ပရိုပိုဇယ်၊ အဆိုပြုလွှာမှာ ပါတဲ့ခေါင်းစဉ်က `ဘယ်သို့သော ရုပ်ချော၊ ဥစ္စာပေါ၊ ပညာတတ်သော မိန်းမပင် ဖြစ်လင့်ကစား အိမ်သာတက်လျှင် အကုန်ထမီလှန်ကြရသည်ချည်းသာ´ တဲ့။ ကောင်းကြသေးရဲ့လားဗျာ။
မှတ်ချက် ။ ။ အထဲမှာ ရေးထားတဲ့ စာအရှည်ကြီးကို အတော်စိတ်ဝင်စားလို့ တောင်းကြည့်တော့ ကောင်မလေး ဆွဲစုတ်တာပြဲသွားပြီတဲ့။ အော် ပညာမရလိုက်ပါလားနော်။ ခွေးရူးကိုက်ခံရလို့ သေသွားတဲ့ အဲဒီသူငယ်ချင်းကို သတိရလို့ အမှတ်တရရေးလိုက်တာပါ။

ဒီပို့စ်လေးကို မိုးချစ်သူ က သူ့ရဲ့ ဆောင်းတွင်းအေးအေး ဆိုတဲ့ ပို့စ်ထဲမှာ Tag ထားလို့ ပြန်လည်ဖြေကြားလိုက်တာပါ။

0 comments: