ဆုဝေ>>ten things i hate about myself

Sunday, November 30, 2008

ကိုယ့်ကိုယ်ကိုယ် အမုန်းဆုံး ၁၀ ချက်တဲ့… tag ထားတော့လဲ ရေးရတော့မှာပေါ့… ခက်တာက ကိုယ့်ကိုယ်ကိုယ် မုန်းမှ မမုန်းတာ… သဘောမကျတဲ့အချက်တွေတော့ ရှိတာပေါ့နော်… အဲဒါတွေကတော့ ၁၀ ချက်တောင် က, ပါ့မလားပဲ… အဲဒီ သဘောမကျတဲ့ အချက်တွေပဲ ပြောပြမယ်နော်…

ကိုယ့်ကိုယ်ကိုယ် သဘောမကျတဲ့ အချက်တွေထဲမှာ ထိပ်ဆုံးကရှိနေတာကတော့ ခံစားလွယ်တာ ပါပဲ။ သူများရဲ့ ဘာရယ်မဟုတ်တဲ့ အပြုအမူ၊ အပြောအဆိုလေးတစ်ခုကအစ လိုက်ခံစားနေတတ်တဲ့စိတ်ကို လုံးဝသဘောမကျဘူး။

နောက်တစ်ခုက အားနာတတ်တာ… တခါတလေ ကိုယ်က မှန်နေရက်သားနဲ့ကို အမှားလုပ်ထားတဲ့သူရဲ့ ရှေ့မှာ မျက်နှာပူပြီး အားနာနေတတ်တယ်။ ပြီးတော့ ကိုယ်မအားတဲ့ကြားထဲက သူများကိစ္စအတွက် ငြင်းရမှာအားနာပြီး ကတိပေးမိတာမျိုးကို သဘောမကျဘူး။

တစ်ခုခုဆို ပြတ်ပြတ်သားသား မရှိဘဲ တွေဝေတတ်တာ ကိုလဲ သဘောမကျဘူး။ ကိုယ်ဝါသနာပါတဲ့ လမ်းကြောင်းကို မလျှောက်ခဲ့ဘဲ တွေဝေတဲ့စိတ်နဲ့ ဆုံးဖြတ်ချက်လွဲခဲ့တာကို အခုထိ နောင်တရနေတုန်းပဲ။

အဲဒါနဲ့ ဆန့်ကျင်ဘက်လို့ ပြောရမလားပဲ… တခါတလေကျပြန်တော့လဲ အကြောင်းအရာတစ်ခုကို ဆုံးအောင် နားမထောင်ဘဲ စိတ်လောကြီးနေတတ်သေးတယ်။ ဘာမှလောစရာ မရှိဘဲနဲ့ သူများစကားကို အလုအယက် ၀င်ပြောတတ်တဲ့ ကျွန်မအကျင့်ကို သိတဲ့သူတွေ သိကြပါတယ်။

နောက်ထပ် သဘောမကျတာက စကားပြောမတတ်တာ ကိုယ်ဖြစ်စေချင်တာကို သူများနားဝင်အောင် သိပ်မပြောတတ်သလို အပြောအဆို မတတ်တာကြောင့် စေတနာကနေ ဝေဒနာဖြစ်သွားရတာမျိုးတွေလဲ မကြာခဏ ကြုံရပါတယ်။

စကားအပြောအဆို မတတ်သလို ဟန်မဆောင်တတ်တာ ကလဲ သိပ်တော့ မကောင်းပါဘူး။ စိတ်ထဲမှာ ဖြစ်နေတဲ့အတိုင်း မျက်နှာမှာပါ ထင်ဟပ်ပေါ်လွင်စေတတ်သူမို့ အလုပ်လုပ်တဲ့နေရာမှာ အရမ်းသတိထားရပါတယ်။

တစ်ခါတစ်ခါ မှတ်မိသင့်တာတွေ မေ့နေတတ်ပြီး မေ့သင့်တဲ့အကြောင်းအရာတွေမှ မှတ်မိနေတတ်တဲ့ စိတ်ကိုလဲ ကိုယ့်ကိုယ်ကိုယ် သဘောမကျတဲ့အချက်ထဲမှာ ထည့်ရပါမယ်။

နောက်ပြီး အစွဲအလမ်းကြီးတတ်တာ… ဒါဆိုဒါမှ စိတ်မျိုးနဲ့ အခြားတစ်ခုကို အစားထိုးဖို့ မလွယ်တတ်တော့ ကိုယ်ပဲ စိတ်ပင်ပန်းရပါတယ်။

နောက်ထပ် သဘောကျစရာ မကောင်းတဲ့အချက်က ခေါင်းမာတတ်တာ ပါ။ မလုပ်ချင်တဲ့အရာတစ်ခုဆို ဘယ်သူတွေ ဘယ်လောက်ပဲ တိုက်တွန်းတိုက်တွန်း မလုပ်ပါဘူး။ လုပ်သင့်မှန်းသိပေမယ့် စိတ်မပါတော့လို့ မလုပ်ခဲ့တာတွေကြောင့် ဘ၀မှာ ရောက်သင့်သလောက် ခရီးမပေါက်ခဲ့ပါဘူး။

နောက်ဆုံးအချက်အနေနဲ့တော့ အခုအသက်အရွယ် ရောက်တဲ့အထိ မိဘကို ( အမေ့ကို ) ပြည့်ပြည့်၀၀ လုပ်ကျွေးပြုစု မပေးနိုင်သေးတာ ပါပဲ။ အဲဒီအတွက်တော့ သဘောမကျရုံတင်မကပဲ တခါတလေဆို ကိုယ့်ကိုယ်ကိုယ် ဒေါသထွက်ပြီး မုန်းတီးမိပါတယ်။

အဲဒါတွေကတော့ ကျွန်မရဲ့ ကိုယ့်ကိုယ်ကိုယ် သဘောမကျတဲ့အချက်တွေပါပဲ။ ဒီ tag game လေးကို ကျွန်မသူငယ်ချင်းတွေဆီ လက်ဆင့်ကမ်းချင်ပါတယ်။ သူတို့တွေကတော့

ကဗျာဆရာလေး ကိုမိုးလှိုင်ည

အမှတ်တရတွေနဲ့ မမလင်း

ညီမလေး ၀င်္ကပါ

ညီမလေး dodi တို့ပါပဲ… ရေးပေးကြမယ် မဟုတ်လားဟင်…။

0 comments: