တစ်နေ့သ၌ ကျွန်ုပ်သည် အလွန့်အလွန် အရေးကြီးလှစွာသော ၀မ်းမီး ကိစ္စ အရေးဖြေရှင်းပြီးနောက် ၊ ယခုနှစ်အတွက် အသစ်ထပ်ရောက်လာသော ကျောင်းသားသစ်လေးများထံမှ လက်ဆောင်ရရှိသည့် ကွမ်းကိုအားပါးတရ ၀ါးလျက် အိပ်ရာပေါ်တွင် မျက်လုံးမှိတ်ကာ လောကစည်းစိမ် အပြည့်အ၀ ခံစားနေစဉ် သကာလ ၊ ကျွန်ုပ်၏ တပည့်ကျော်ကြီး ငတေ ရောက်ရှိလာလေသည် ။
ငတေ ။ ။ ဗျို့ … အာစရိ ဘာတွေလုပ်နေတုန်းဗျ
ကျွန်ုပ် ။ ။ အိမ်း ဗိုက်လေးနေလို့ လူကြုံပါတဲ့ ကွမ်းလေးဝါးပြီး ဇရက်မင်းစည်းစိမ် ၊ ၀က်မင်းစည်းစိမ် ၊ နဂါးမင်း စည်းစိမ်လေး တစ်ဆင့်ခြင်းခံစားနေတယ်မောင်ရင် …
ငတေ ။ ။ အာစရိကကြက်မင်းစည်းစိမ်တွေ ၀က်မင်းစည်းစိမ်တွေလုပ်မနေနဲ့ ကိစ္စအထူးပေါ်လာပြီဟ
ကျွန်ုပ် ။ ။ ဟေ… ဘာများတုန်း မောင်ရင်ရ လင်းစမ်းပါဦး ၊ မောင်ရင့်နှယ် … မထိတ်သာမလန့်သာရှိလိုက်တာ
ငတေ ။ ။ အာစရိကို ဘလော့ဂ္ဂါတစ်ယောက်က Tag ထားတယ်ဗျ
ကျွန်ုပ် ။ ။ ဟဲ့ …. ဘယ့်နှယ့် တက် ရပြန်တာတုန်း ၊ ကျုပ်ကိုအရင် ၂ယောက် တက်ထားလို့ ရေးပေးပြီးပြီလေ
ငတေ ။ ။ အခုက နောက်တစ်ယောက် အာစရိရ ၊ အာစရိက ဘလောဂ္ဂါကျေးရွာထဲ လျောက်မှမလည်တာ ဘယ်တွေ့လိမ့်မတုန်း
ကျွန်ုပ် ။ ။ ဟ … မောင်ရင်ကလည်း .. ကျုပ်ကမလည်ဆို .. လည်မိတဲ့ ဘလော့ဂ် တော်တော်များများ တက်နေကြတာချည်းကိုး ကျုပ်မယ်ခြေရာတောင် အထင်မခံရဲဘူး သတိရလို့ ကောက်တက်လိုက်မှဖြင့်ဆိုပြီး ရင်တထိတ်ထိတ်နဲ့ အသာငြိမ်ပြီးပြန်လာရတာကလား
ငတေ ။ ။ အင်းလေ သူတို့က ချစ်လို့ခင်လို့ တက်တာပဲကို
ကျွန်ုပ် ။ ။ အိမ်း… သူတို့ကချစ်လို့ခင်လို့ တက်တာတော့ အရေးမကြီးဘူးမောင်ရင် … အတက်ခံရတဲ့သူက မစားသာဘူး နောက်ပြီး ဘလောဂ္ဂါမဟုတ်တဲ့ အပြင်ကစာဖတ်သူတွေကိုလည်း ငဲ့ကြည့်ရဦးမယ် မောင်ရင်ရ
ငတေ ။ ။ သြော် …. အာစရိရယ် .. လူမှု့ရေးဆိုတာက ရှိသေးတယ်လေ
ကျွန်ုပ် ။ ။ ဒီမှာမောင်ရင် .. ကျုပ်ဆယ်တန်းတုန်းက လူမှု့ရေးကို မော်ဒေးရှင်းနဲ့ အောင်လာတာ အဲဒါတွေလာထည့်မပြောနဲ့လေ ကျုပ်ပြောတာက လူမှု့ရေးမဟုတ်ဘူး စာဖတ်သူတွေ အတွက်ကျုပ်တို့ ပေးချင်တဲ့ အပေးလေ
ငတေ ။ ။ အာစရိရယ် လေကြီးမိုးကြီးတွေ အသံကောင်းဟစ်မနေပါနဲ့ မင်းကို ဘယ်သူမှ အထင်မကြီးဘူး
ကျွန်ုပ် ။ ။ အေးပါ ထားပါတော့ ၊ အခု တက်တာက ဘာခေါင်းစဉ်တဲ့လဲ မောင်ရင်ရ
ငတေ ။ ။ သေဖို့ ၁၀ ရက်ပဲကျန်ရင်ဘာလုပ်မလဲတဲ့
ကျွန်ုပ် ။ ။ ဟေ … ထူးဆန်းလှချည်လားမောင်ရင်ရ … ဘယ့်နှယ့် သေဖို့ ၁၀ ရက်ပဲကျန်ရင်ဘာလုပ်မလဲ ဆိုတော့
ငတေ ။ ။ အင်းလေ .. အဲဒါ အာစရိ ဘာလုပ်မှာလဲ
ကျွန်ုပ် ။ ။ ဟာ… ငရဲတွေတော့ကြီးကုန်တော့မှာပဲ … ကျုပ်က သေမယ့်ရက် ဘယ်လိုလုပ်သိနိုင်မှာတုန်း ၊ ကျုပ်သိသလောက်က သေမယ့်ရက် ခန္ဓာဝန်ချမယ့် အချိန်ကို သိနိုင်တာ ဘုရား ၊ ရဟန္တာတွေ ပဲရှိတာကို
ငတေ ။ ။ ဘာပဲဖြစ်ဖြစ်လေ … ခုက တက်လာပြီပဲ အာစရိဘာလုပ်မယ် ဆိုတာကို ပြောတော့ပေါ့
ကျွန်ုပ် ။ ။ ဟ… ဘာလုပ်စရာရှိလို့တုန်း မောင်ရင်ရ.. သေမှမသေချာတာ … ကျုပ်ခုနေနေကျ ပုံစံအတိုင်းပဲ နေမှာပေါ့ ကျုပ်သေလို့ကော ဘာတွေထူးပြီး ဘယ်သူကအရေးလုပ်မှာကျနေတာပဲ
ငတေ ။ ။ အင်းလေ … အာစရိက ပါမွှား ကိုး
ကျွန်ုပ် ။ ။ အိမ်း .. မှန်တယ်မောင်ရင် .. မောင်ရင်လည်း သိပါတယ် .. ဒွေးရယ် ၊ တာရာမင်းဝေ ရယ် ၊ ဘဘဦးသုခ ရယ် ဆုံးကြတာ ရက်ဘယ်လောက်ကွာလို့လဲ
ငတေ ။ ။ အင်း သိပ်မကွာပါဘူး
ကျွန်ုပ် ။ ။ မောင်ရင် ဘယ်သူ့ကို အနှမြောဆုံးလဲ စဉ်းစားစမ်း
ငတေ ။ ။ အင်း….
ကျွန်ုပ် ။ ။ တစ်ကယ်တမ်း ဂျာနယ်တွေ ၊ မဂ္ဂဇင်းတွေ မှာ ခေါင်းကြီး ပိုင်းကနေ ဟိုးလေးတကျော်ကျော် ဖြစ်တာ ဘယ်သူလဲ ၊ အချပ်ပို စာရွက်ကြမ်းလေးမှာ သတင်းတိုလေးနဲ့ပဲ ပါသွားတာ ဘယ်သူလဲ
ငတေ ။ ။ အင်း .. အာစရိပြောတော့လဲ ခပ်ဟုတ်ဟုတ်
ကျွန်ုပ် ။ ။ အဲဒါကြောင့်မောင်ရင့်ကိုပြောပါတယ် .. ကျုပ်သေလဲ သိပ်မထူးပါဘူး မသေလဲ မထူးသေးပါဘူး အရေးကြီးတာက ကျုပ်စေတနာပဲလေ
ငတေ ။ ။ ဒါပေါ့အာစရိ ရယ်
ကျွန်ုပ် ။ ။ တစ်ကယ်သာ ကျုပ်သေဖို့ ၁၀ ရက်ပဲကျန်တော့တာ သေချာရင် ကျုပ်ပထမဦးဆုံး လုပ်မှာက ယမမင်းကို တရားစွဲ မှာပဲ
ငတေ ။ ။ ဘာလို့တုန်း အာစရိရ…
ကျွန်ုပ် ။ ။ ဟ … မောင်ရင်ကလဲ ယမမင်းလုပ်နေပြီးတော့ ဆရာဝန်လောက်မှ သစ္စာမရှိတဲ့ အဲဒီလူကို ကျုပ်ကတရားမစွဲရင် ကျုပ်လောက်မိုက်တဲ့ သူရှိပါဦးမလား
ငတေ ။ ။ ဟုတ်ပါတယ် … အာစရိလောက် မိုက်တဲ့သူလည်း မရှိသေးပါဘူး
ကျွန်ုပ် ။ ။ တရားစွဲလို့မှ မရရင်တော့ အဲဒီ ယမမင်းကိုပြောလိုက်
ငတေ ။ ။ ဘာပြောလိုက်ရမတုန်း အာစရိ
ကျွန်ုပ် ။ ။ အေး … ကျုပ်သေဖို့ ၁၀ ရက်သာသေချာရင် ဒင်းသေဖို့က ၅ ရက်လို့ တွေ့ရာသင်္ချိုင်း ဓားမဆိုင်းပဲ လို့ပြောလိုက်
ငတေ ။ ။ ရက်ဆား … အာစရိ … G-Talk မှာတွေ့ရင်ပြောလိုက်မယ် အာစရိ
ကျွန်ုပ် ။ ။ ………………..
( မ Dream က Tag ထားတယ်ဆိုလို့ ပြန်ရေးပေးတာပါ ခင်ဗျာ ။ ထပ်မံ Tag ကြမည့် ဘလောဂ္ဂါ အစ်ကို ၊ ညီ ၊ အစ်မ ၊ ညီမ များအား ပုဂ္ဂိုလ်ရေး အခက်အခဲများကြောင့် ပြန်လည်ရေးသားပေးခြင်း မပြုနိုင်တော့ပါကြောင်း အသိပေးအပ်ပါသည် ခင်ဗျာ။ လေးစားစွာဖြင့် ။ ကိုရင်ညိန်း (လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့်ရှိသည် ) )
0 comments:
Post a Comment