မော်စီ >> အချစ်ဆိုသည်မှာ

Tuesday, December 23, 2008

အကို ဟန်သစ်ငြိမ်နဲ့ ယုန်ကလေးတို့က အချစ်အကြောင်း tag လိုက်ကြတော့ ရေးရအုံးမှာပေါ့လေ။ အချစ်အကြောင်းကို သီးသန့်မရေးရတာလည်း ကြာပြီးဆိုပါတော့။ ဟိုအရင်တုန်းက ကိုအောင်မျိုးဟန် tag လို့ အချစ်အကြောင်း ခေါင်းစဉ်နဲ့ တစ်ခါရေးပြီးသွားပါပြီး။ အဲဒီမှာ အချစ်မျိုးစုံအကြောင်းပါပေမယ့် ကျနော်ဒီပိုစ့်မှာတော့ ကျနော်တို့ လူသားတွေကြားမှာ နာမည်ကြီးနေတဲ့ ကျနော်တို့အဆို ၁၅၀၀ အချစ်အကြောင်းကို တင်ပြချင်ပါတယ်။ ကျနော်တို့ လူသားတွေအားလို့ အချစ်နဲ့မကင်းနိုင်ကြပါဘူး။ ဒီကမ္ဘာပေါ်မှာ လူတွေအသက်ဆက်ရှင်နေသရွေ့တော့ အချစ်နဲ့ပက်သက်တဲ့ အကြောင်းတွေ ရေးနေ ပြောနေရအုံးမှာပဲလေ။

အချစ်ဆိုသည်မှာ ထူးအိမ်သင်ဆိုထားသလိုပဲ အံ့သြမှုများနဲ့ ဆန်းကြယ်သောအရာ ပဲလို့ ကျနော်ထင်ပါတယ်။ ကျနော့်ထင်မြင်ချက် ကတော့ အချစ်ဆိုတာ ဖန်တီးယူလို့မရတဲ့ သူ့ဘာသာသူပေါက်ဖွားလာတဲ့ စိတ်ခံစားမှုတစ်ရပ်လို့ မြင်မိပါတယ်။ ကျနော်ဘာလို့ အဲလိုထင် မြင်မိသလဲဆိုတာကို သက်သေနဲ့တကွ ရှင်းပြပါ့မယ်။

အချစ်နဲ့ပက်သက်လို့ ကျနော့်ရဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့။ စိတ်ဝင်စားတယ်မလား??? ဒီလိုပဲဖြစ်ရမယ်လေ :P ။

ဇာတ်လမ်းက ဒီလိုဗျ . . . .
ကျနော်နဲ့ အတန်သင့်ရည်းနှီးတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်။ ကောင်မလေးက ချောလည်းချောတယ် ချစ်စရာလည်း အရမ်းကောင်းတယ်။ ရုပ်ရည်က ယောကျာ်းလေးတွေ တော်တော်များများကြိုက်တဲ့ရုပ်မျိုးပေါ့။ အဲဒီတော့ ကျနော်နဲ့ရင်းနှီးတဲ့ မိတ်ဆွေ တစ်ချို့က ကျနော်နဲ့ အဲဒီကောင်မလေးကို စနောက်ခဲ့ကြပါတယ်။

ကျနော့်အတွက်လည်း အဲဒီကောင်မလေးကို လိုက်ဖို့အခွင့်အရေးတွေအများကြီးရှိပါတယ်။ သူ့ဖုန်းနံပါတ်လည်း ကျနော်ရထားတယ် ပြီးတော့ သူနဲ့လည်း စကားပြောဆိုလို့ အဆင်ပြေနေတယ် (ချစ်စကားကြိုက်စကား မဟုတ်ဘူးနော်) နောက်ပြီး သူ့အိမ်ကိုသွားလည်နိုင်ဖို့ သူ့ဆွေမျိုးတွေနဲ့လည်း ကျနော်ရင်းနှီးနေပြန်တယ်။ အဲဒါတွေအပြင် ကျနော်သူ့ကို ချစ်စကားကြိုက်စကားပြောဖို့ အဆင်ပြေအောင် ကူညီပေးမယ့်သူတွေလည်း ရှိတယ်ဗျာ။

ကဲ့အဲဒီတော့ ကျနော့်အတွက် ဘယ်လောက်အဆင်ပြေလဲဗျာ။ ဒါပေမယ့် ကောင်မလေးက ကျနော့်ကို ပြန်ချစ်ကြိုက်မယ်ဆိုတာတော့ သူ့အပေါ်မှာ မူတည်တယ်ပေါ့။ အဲဒီတော့ ကျနော့်ဘက်က ကောင်မလေး ကျနော့်ကို ပြန်ချစ်ကြိုက်နိုင်ဖို့ ကြိုးစားရမှာပေါ့။

ကျနော့် ဦးနှောက်က ကြိုးစားဖို့ စဉ်းစားခဲ့ပေမယ့် ကျနော်နှလုံးသားက တက်တက်ကြွကြွလက်မခံချင်ဘူး။ ကျနော် ကောင်မလေးကို ချစ်ဖို့ ဖန်တီးချင်ပေမယ့် ကျနော့်စိတ်က လက်မခံဘူးဖြစ်နေတယ်။ အဲဒီတော့ သေချာတယ် ကျနော်သူ့ကို မချစ်ဘူး ဆိုတာ။ အဲဒီတော့ ကျနော်သိလိုက်တယ် အချစ်ဆိုတာ ဖန်တီးယူလို့မရတာပဲ။

ကျနော်တစ်ကယ်ချစ်တဲ့ ကောင်မလေးကျတော့ ကျနော်စိတ်က အလိုလိုနေရင်းနဲ့ ပြောင်းလဲလာတယ်။ စိတ်အပြင် ကျနော့်ရဲ့လှုပ်ရှားဆက်ဆံမှုတွေပါ ကျနော်ချစ်တဲ့ ကောင်မလေးအပေါ်မှာ ပြောင်းလဲလာတယ်။ ဒါတွေကို ကျနော်လုပ်ယူတာမဟုတ်ဘူး သူ့ဘာသာသူဖြစ်သွားတာ။ ဥပမာဗျာ သူ့ကိုတွေ့ရင် ကျနော်နှလုံးခုန်သံတွေက ပုံမှန်ထက်မြန်လာသလို သူ့ကိုတွေ့ချင်စိတ်တွေ အလိုလိုနေရင်းနဲ့ ဖြစ်ပေါ်လာတာတွေကို ကြည့်ချင်းအားဖြင့် အချစ်ဆိုတာ သူ့ဘာသာသူ ပေါက်ဖွားလာတယ်လို့ ကျနော်လက်ခံလာတယ်။

အဲဒီတော့ ကျနော်လက်ခံထားတဲ့ အချစ်ဆိုသည်မှာ ဖန်တီးယူလို့မရတဲ့ သူ့ဘာသာသူဖြစ်ပေါ်လာတဲ့ စိတ်ခံစားမှု တစ်ရပ်လို့ ကျနော်သတ်မှတ်ချင်ပါတယ်။

အချစ်ကြောင့် ပျော်ရွှင်ကြတာတွေရှိသလို အချစ်ကြောင့်ပူဆွေးရတာတွေလည်း ရှိပါတယ်။ သို့ပေမယ့် ကျနော်ချစ်တဲ့ ဘလောဂ်ဂါ မောင်နှမများအားလုံး အချစ်ကြောင့်ပျော်ရွှင်ကြပါစေဗျာ။

ကိုဟန်သစ်ငြိမ်နဲ့ ယုန်ကလေးတို့ရေ ကျနော်ခံယူထားတဲ့ အချစ်ဆိုသည်မှာကို ရေးလိုက်ပါပြီးဗျို့။ ပြီးတော့ တော်တော်များများလည်း ရေးပြီးနေကြတော့ ဆက်မ tag တော့ပါဘူး . . .။ အားလုံး ပျော်ရွှင်ကြပါစေဗျာ . . .

0 comments: