Tag ပို့စ်တွေ စုစည်းထားတဲ့ ဘလော့မှာ ကိုပီကေကြီးက အော် … ဆောင်း၊ ဆောင်း ဆိုတဲ့ သူ့ရဲ့ ပို့စ်အဟောင်းလေးကို ပြန်တင်ထားတာတွေ့တော့ ကျွန်မကလဲ အားကျမခံ ၂၀၀၇ ဆောင်းကာလတုန်းက ကျွန်မရေးခဲ့တဲ့ ဆောင်းတွင်းအေးအေး ဆိုတဲ့ ပို့စ်လေးကို ပြန်တင်ပေးလိုက်ပါတယ်။ Tag ပို့စ်တွေကို တစုတစည်းဖြစ်စေချင်တဲ့ ဘလော့ဖန်တီးသူတွေရဲ့ ဆန္ဒကို တတပ်တအား ဖြည့်ဆည်းပေးချင်လို့ပါ။
ဟိုတလောတုန်းက မိုးရေထဲက ကောင်မလေးတစ်ယောက် နဲ့ အွန်လိုင်းပေါ်မှာ တွေ့တော့ သူက ကျွန်မကို ဆောင်းတွင်းအေးအေးလေးအကြောင်း tag မယ်တဲ့…။ ကျွန်မ ဘလော့ဂ်မရေးခင်တုန်းက ဘလော့ဂါ အကိုအမတွေ တစ်ယောက်ကိုတစ်ယောက် tag တက်ကြတာကို သဘောတကျနဲ့ လိုက်ဖတ်ဖူးပါတယ်။ အဲဒီထဲက ရှားရှားပါးပါး ဘလော့ဂါ အကိုတစ်ယောက်က သူ့ဆီကို စာလာဖတ်ကြတဲ့သူတွေကို ပြန် tag ပါရစေ ဆိုလို့ သူ့ပို့စ်တွေထဲက ကိုယ်အကြိုက်ဆုံး ပို့စ်တွေကိုလဲ ရွေးပေးခဲ့ဖူးပါတယ်။ ကျွန်မ ဘလော့ဂ်စရေးပြီးမှတော့ ဒါက ပထမဆုံးအကြိမ်ပါပဲ…။
အမှန်အတိုင်းပြောရရင် ကျွန်မက ရာသီဥတုသုံးမျိုးထဲမှာ မိုးရာသီကို သဘောကျပါတယ်။ ပိုပြီးတိတိကျကျ ပြောရင်တော့ မိုးရာသီရဲ့အစ ဇွန်လကို ကျွန်မ အချစ်ဆုံးပါ။ ဘာဖြစ်လို့လဲဆိုတော့ ဇွန်လက ကျွန်မတို့ မိသားစုသုံးဦးလုံးရဲ့ မွေးလဖြစ်လို့လေ…။ နောက်ပြီးတော့ တိုက်ဆိုင်စွာပဲ ကျွန်မ ချစ်ခင်လေးစားရတဲ့သူတွေကလဲ ဇွန်လမှာ မွေးကြတာကြောင့်ပါ…။
ကိုယ့်ရဲ့မွေးလကို ဖယ်လိုက်ပြီးရင်တော့ ဆောင်းရာသီရဲ့ အေးမြတဲ့ ဒီဇင်ဘာလကို ကျွန်မ အကြိုက်ဆုံးလို့ ပြောရမှာပေါ့…။ ခုဆိုရင်ပဲ ဘာလိုလိုနဲ့ သီတင်းကျွတ်ပြီးသွားပြီနော်…။ ပြီးရင် တန်ဆောင်မုန်း တန်ဆောင်တိုင်…။ တန်ဆောင်တိုင်ပွဲတော် ရက်တွေဆိုရင်ပဲ ဆောင်းရာသီရဲ့ အငွေ့အသက်တွေကို ခံစားနေရပါပြီ။ ဒီလိုနဲ့ ဒီဇင်ဘာလကို ၀င်လာပြီဆိုရင်တော့ ဟေမန္တဆောင်းကာလရဲ့ သရုပ်က တစ်စတစ်စ ပိုပီပြင်လာပြီပေါ့နော်…။
အခုနောက်ပိုင်း နှစ်တွေထက်စာရင် ကျွန်မငယ်ငယ်တုန်းက ဆောင်းက ဆောင်းရာသီ ပိုပီသပါတယ်။ ငယ်ငယ်ကဆိုရင် ဆောင်းရာသီရဲ့ နှင်းတွေဝေနေတဲ့ မနက်အစောကြီးမှာ ဖေဖေနဲ့ကျွန်မ အိမ်ရှေ့မှာ ကြက်တောင် ထရိုက်နေကျပေါ့…။ အရပ်လေး မမှီ့တမှီ ခုန်ဆွ ခုန်ဆွနဲ့ ကြက်တောင်ကို မိအောင် လိုက်ရိုက်နေတဲ့ ကျွန်မကို ဖေဖေက `ဂျပုမလေး´လို့ စပြီး သဘောတွေကျလို့…။ နေထွက်စပြုလာလို့ နှင်းတွေကွဲချိန်မှာတော့ ကျွန်မတို့ သားအဖလဲ ကြက်တောင်ပွဲကို လက်စသတ်ပြီး လက်ဖက်ရည်ဆိုင် ချီတက်ကြတော့တာပေါ့…။ အဲဒီအချိန်လေးတွေက ကျွန်မအတွက် အမြဲအမှတ်တရ ရှိနေတဲ့ ရင်ထဲက ဆောင်းရာသီကာလလေးတွေပါပဲ…။
နောက်ထပ် ကျွန်မ မမေ့နိုင်တဲ့ ဆောင်းကတော့ Y2K ဆောင်းလို့ ပြောရမယ့် သက္ကရာဇ် ၂၀၀၀ကို ကူးတဲ့ ရာစုသစ်ရဲ့ ဆောင်းတွင်းအေးအေးလေးပါ။ အဲဒီနှစ်က အအေးလှိုင်းဖြတ်လို့ ဆိုလားပဲ…ရန်ကုန်ဆောင်းက တော်တော်လေး အေးပါတယ်…။ ဆယ်တန်းအောင်ပြီးခါစ ကျွန်မမှာ နေ့လယ်နေ့ခင်း စာလိုက်သင်ရင်းနဲ့တောင် အနွေးထည်ဝတ်သွားရတာ ခုထိ မှတ်မိနေတုန်းပါပဲ။
ညပိုင်းဆိုရင်လဲ ကျွန်မတို့ ခြံဝင်းလေးထဲမှာ မီးဖိုပြီး အကိုတွေက ဂစ်တာတီး၊ ကျွန်မတို့ ညီအစ်မက သီချင်းတွေဆိုနဲ့ ကိုယ့်ကိုယ်ကိုယ် တောင်ကြီးတို့ ပြင်ဦးလွင်တို့ ရောက်နေသလားလို့တောင် ထင်မိပါတယ်…။ မောင်နှမတွေ စုံစုံညီညီနဲ့ ပျော်ခဲ့ရတာ အဲဒီဆောင်းတွင်းက နောက်ဆုံးပါပဲ…။ နောက်နှစ်…နောက်နှစ်တွေမှာတော့ ဆောင်းမပီသတဲ့ ဆောင်းရာသီရဲ့ အအေးဓါတ်လျော့ပါးနေတဲ့ နေ့ရက်တွေမှာ ကျွန်မတို့မောင်နှမတွေလဲ တကွဲတပြားစီနဲ့ တချိန်က ဆောင်းတွင်းအေးအေးလေးကို လွမ်းဆွတ်လို့…။
ဆောင်းရာသီအကြောင်းကို ပြောရမယ်ဆိုရင် ကျွန်မ သဘောကျတဲ့ ဆောင်းသီချင်းလေးတွေကိုလဲ ပြောပြမှ ပြည့်စုံမယ် ထင်တယ်နော်…။ သီချင်းတွေကြိုက်တဲ့ ကျွန်မအတွက် ပထမဆုံး ရင်းနှီးခဲ့တဲ့ ဆောင်းသီချင်းလေးက `ဆောင်းအမီ´ပါ…။ `အလွန်အေးတဲ့ရာသီ…အလွန်ချမ်းတဲ့ရာသီ…´ဆိုတဲ့ သီချင်းစာသားလေးက ဆောင်းရာသီနဲ့ လိုက်ဖက်လွန်းလှပါတယ်။ ဟိုးတုန်းက သီချင်းလေးဆိုပေမယ့် ဆောင်းတွင်းရောက်တိုင်း အဲဒီသီချင်းလေးကို အမြဲသတိရမိပါတယ်…။
ဒီဘက်ခေတ်ပိုင်းမှာတော့ ဇော်ပိုင်ရဲ့ ဆောင်းမနက်ခင်း တစ်ခုအကြောင်းကို ဆိုထားတဲ့ `မြူလဲမဆုံး…နှင်းဖွဲတုန်း…ဆောင်းမနက်ခင်း ရောက်တိုင်း…အမြန်သာ ငါ ပြေးခဲ့ချင်ပြီ…အတိတ်နေ့တို့ တွေးမိတိုင်း…´ ဆိုတဲ့ သီချင်းလေးနဲ့ Rဇာနည်ရဲ့ `နှင်းဝေတဲ့ဆောင်း´ဆိုတဲ့ သီချင်းလေးတွေကို ကျွန်မ ကြိုက်ပါတယ်။ ပြီးတော့ အေးစက်တဲ့ ဒီဇင်ဘာညမှာ နှင်းတွေ မျက်ဝန်းထဲမှာ ကြွေနေပြီး အသက်ရှူတိုင်း ချစ်သူကို လွမ်းနေတဲ့ ကောင်မလေးတစ်ယောက်အကြောင်း ဆိုထားတဲ့ မို့မို့ရဲ့ `ဆွေး´ဆိုတဲ့ သီချင်းလေး…။
အားလုံးထဲမှာ ကျွန်မအကြိုက်ဆုံးကတော့ LMN သုံးယောက်ရဲ့ `အို ဒီဇင်ဘာ´ဆိုတဲ့ သီချင်းလေးပါပဲ…။ သီချင်းလေးတွေအကြောင်း ပြောပြရတာက အခုနောက်ပိုင်း ဆောင်းညတွေကို ကျွန်မ ရွေးပြီးသွင်းထားတဲ့ ဆောင်းသီချင်းလေးတွေ နားထောင်ပြီး စာအုပ်လေးတစ်အုပ် ကော်ဖီလေးတစ်ခွက်နဲ့ ကျော်ဖြတ်နေကျမို့လို့ပါ…။
ဒီလောက်ဆိုရင် ကျွန်မရဲ့ ဆောင်းရက်လေးတွေအကြောင်း ပြောပြတာ ပြည့်စုံလောက်ပါပြီနော်…။ သြော်…တစ်ခုကျန်သေးတယ်…။ ဆောင်းတွင်းအေးအေးလေးက ကျွန်မကို တစ်ခုတော့ ဒုက္ခပေးတယ်ရှင့်…။ မြောက်ပြန်လေလေးတွေ တိုက်လို့ ဆောင်းရာသီကို ကူးစပြုလာပြီ ဆိုတာနဲ့ အာသီးရောင်တတ်တဲ့ ကျွန်မ လည်ချောင်းတွေ စနာလာတော့တာပါပဲ…။ ငယ်ငယ်လေးတည်းက ဆောင်းတွင်းဆိုရင် နေမကောင်းဖြစ်လွန်းလို့ ကျောင်းခဏခဏ ပျက်ရပါတယ်။ ကြိုတင်ကာကွယ်ပြီး အနေအထိုင် ဆင်ခြင်လဲ မရပါဘူး။ ရာသီစာရောဂါလို့ ပြောရမှာပဲနော်…။ ဆောင်းတွင်းတစ်တွင်းလုံး ကျွန်မမှာ လည်ချောင်းနာလိုက် ဆေးသောက်လိုက်နဲ့ ဂျာအေးသူ့အမေရိုက်သလို သံသရာလည်နေတော့တာပါပဲ…။
ဒီတစ်ခုကလွဲရင်တော့ ဆောင်းတွင်းအေးအေးလေးကို ကျွန်မ သဘောကျပါတယ်။ ကားအသွားအလာတွေ များလို့ နှင်းဆိုတာ ဘာမှန်းသိပ်မသိရတဲ့ ရန်ကုန်မြို့ရဲ့ နေရာတစ်ခုကနေပြီး မြို့သစ်လေးရဲ့ နှင်းတွေ ဝေနေအောင် ကျတတ်တဲ့ ဆောင်းမနက်ခင်းလေးတွေကိုလဲ ကျွန်မ အမြဲ လွမ်းနေမိပါတော့တယ်…။
0 comments:
Post a Comment