မော်စီ >>ချွှေးတွေရွှဲတဲ့ ဆောင်းမနက်

Tuesday, December 2, 2008

လောကကြီးကတော့ ပုံမှန်ပဲရွှေ့လျားနေလေရဲ့။ ဘာလိုလိုနဲ့ ဆောင်းတွင်းတောင်ရောက်ခဲ့ပြီးပေါ့။ ဆောင်းတွင်း ရောက်လာတော့ ဆောင်းတွင်းအကြောင်းလေးရေးဖို့ ဆုဝေ ကကျနော့်ကို tag ထားတော့ ဆောင်းတွင်းထဲက ကျနော့်အဖြစ်အပျက်တစ်ခုကိုပြောပြမယ်။

ကျနော်က နွေ၊ မိုး၊ ဆောင်း တွေထဲမှာ ဆောင်းတွင်းကို အကြိုက်ဆုံးပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဆောင်းတွင်းက စတိုင်လ်ကျတယ်ဗျ။ ဆောင်းတွင်းကချမ်းတော့ ကျနော်တို့ ဘောင်းဘီးရှည်တွေ ပုဆိုးတွေ အနွေးထည်တွေနဲ့ အရမ်းကြည့်လို့ကောင်း တယ်။ နေရထိုင်ရတာလဲ အေးတော့ လန်းဆန်းနေသလိုပဲပြီးတော့ ဆောင်းတွင်းမှာ ပွဲတော်တွေ ကလည်း ခပ်များများရယ်။ ဆောင်းတွင်းကကျနော့်ရဲ့အဖြစ်အပျက်တစ်ခုကို ပြောပြီး . . .

ကျနော် ဆယ်ကျော်သက် အရွယ်တုန်းကပေါ့။ ကျနော် ၉ တန်းနှစ်တုန်းကပါ။ ကျနော် အဲဒီအရွယ်တုန်းကဆို အချစ်တွေ မေတ္တာတွေ ဘာကိုမှကောင်းကောင်းမသိပါဘူး။တစ်ကယ်ပါ ယုံတယ်မဟုတ်လား ယုံနော် မုန့်ကျွေး မယ်လေ။ ဒါပေမယ့် ကျနော်ကငယ်ငယ်ကတည်းက ကဗျာတွေ အချစ်ဿသနတွေ ဖတ်တာ ၀ါတာနာပါတော့
ကဗျာဆန်တဲ့ စကားလုံးလေးတွေ စုဆောင်းမိပါတယ်။ အဲဒီတော့ သူငယ်ချင်းတွေက ကျနော့်ကို ရည်းစားစာရေး ခိုင်းကြတယ်။ ကျနော်ကရည်းစားစာရေးတာကောင်းတယ်လို့ သူတို့ကပြောကြတယ်။ တစ်ကယ်ကျနော်ကြွား တာ မဟုတ်ဘူး ကျနော်ရေးပေးလိုက်ရင် အဆင်ပြေသွားတာများတယ်။ သူများအတွက် ရေးပေးတာပါ
ကျနော့်အတွက် တစ်စောင်မှ မရေးဖြစ်ပါဘူး။

ဒီလိုပါပဲ ကျနော်လည်း သူငယ်ချင်းတွေ စနောက်ရင်းနဲ့ အတန်းထဲက ကောင်မလေး တစ်ယောက်ကို ကြိုက် မိလေရဲ့။ ကျနော်က ကြိုက်တယ်လို့တာ ပြောတယ် တစ်ကယ်တမ်း ဘာမှမလုပ်ရဲဘူး သူများတွေလို ရည်းစားစာလည်းမပေးရဲဘူး။ သူများတကာတွေကို ဟိုလိုလုပ် ဒီလိုလုပ် ဆိုပြီး အကြံဥာဏ်တွေပေးပြီး ကိုယ့်အလည့်ကျတော့ ဘာမှမလုပ်ရဲဘူး။

ကျနော် ၉ တန်းတုန်းက သူငယ်ချင်းတွေနဲ့ guide ငှားပြီး စာကျက်ကြတော့ သူငယ်ချင်း အိမ်မှာပဲ အိပ်တာများတယ်။ သူငယ်ချင်းတွေက ကောင်းမလေးကို စကားလိုက်ပြောဖို့အကြံပေးတယ်။ ကျနော်ကမပြောရဲဘူးလို့ပြောတော့ ဒီငတိတွေက မင်းယောက်ျားမဟုတ်ဘူးလား ဒါတောင်မလုပ်ရဲဘူးတဲ့။ ကျနော်လည်း ယောက်ျားမာနကိုထိတော့ဘယ်ခံမလဲ ပြောမယ်ကွာပေါ့။ ဒါနဲ့ ငါက ဘာပြောရမှာလဲလို့ မေးတော့ သူတို့က မင်းသူ့အတွက် ရည်းစားစာရေးထားတယ် မဟုတ်လား အဲအတိုင်းပြောတဲ့။ ဟုတ်ပြီး မနက်ဖြန်မနက် ကောင်မလေး ကျူရှင်အသွားမှာ စကားလိုက်မယ်ဆိုပြီး တစ်ညလုံး စဉ်စားခန်း
ဖွင့်ခဲ့မိလေရဲ့။

မှတ်မှတ်ရရ ဒီဇင်ဘာလထဲက ဆောင်းမနက်ခင်းလေးမှာပေါ့။ မြူနှင်းတွေနဲ့ဆောင်းမနက် ခင်းလေးက တိတ်ဆိတ်စွာ သာယာနေလေတယ်။ စက်ဘီး လေးတစ်စီးနဲ့ သူကျူရှင်သွားမယ့် လမ်းထောင့်လေးတစ်ခုမှာ သူအလာကို ရင်ခုန်စွာနဲ့ စောင့်နေမိတယ်။ ကျနော်ကပဲ စောနေသလား သူကပဲနောက်ကျနေသလားတော့ မသိဘူး တော်တော်နဲ့ ရောက်မလာဘူး။

ချွှေးတွေရွှဲတဲ့ အကြောင်းက အဲဒီမှာစတာ . . .
ကျနော်စောင့်နေတဲ့ လမ်းနားမှ အိမ်တစ်အိမ်က ခွေးသုံးကောင်ထွက်လာတယ်။ ပြီးတော့ ကျနော့်ကိုကြည့်ပြီး ဟောင်ပါလေရော။ တစ်ချို့တွေကပြောကြတယ် ခွေးဟောင်ရင် ပြန်ခြောက်လိုက်တဲ့ ခွေးတွေထွက် သွားလိမ့်မယ် ဆိုပြီး ကျနော်လည်း ပြန်ခြောက်လိုက်တာပေါ့ ဘယ်ကလာ ခွေးတွေက ထွက်မ သွားတဲ့အပြင် ကျနော်ဆီကို ပြေးဝင်လာကြတယ်။ ခွေးတွေထွက်လာတဲ့အိမ်ကို ကြည့်လိုက်တော့ ခွေးကိုက်တတ်သည် ဆိုတဲ့ဆိုင်းပုဒ်ကိုတွေ့တော့ ကျနော်လည်းစက်ဘီးယူပြီး တစ်ချိုးတည်းပြေးတော့တာပေါ့။ ခွေးတွေကလည်း လိုက်တယ်ဟ ကျနော်လည်း နောက်လှည့်မကြည့်ရဲပဲ အားတကုန်နင်းတော့တာပေါ့။

ဘယ်အချိန်မှာ ခွေးတွေပြန်လှည့်သွားလည်းမသိဘူး ကျနော် အိမ်ပြန်ရောက်တော့ တစ်ကိုယ်လုံး ချွေးတွေနဲ့ စိုရွှဲလို့ သူများတွေက ချမ်းလို့အနွေးထည်တွေနဲ့ စောင်တွေနဲ့ ကွေး နေတဲ့အချိန်မှာ ကျနော့်မှာအနွေးထည်းလည်းမယူနိုင် ချွေးအရွှဲသားနဲ့ပေါ့။ ကျနော် တစ်ယောက်ထဲ ဒုက္ခရောက်နေတာ ကျနော်ကိုမြှောက်ပေးတဲ့ ဟိုငတိတွေကအိပ်လို့ကောင်း တုန်း သူတို့က နိုးလာတော့ ဘယ်လိုလဲအဆင်ပြေ ခဲ့လား ဘာတွေပြောလိုက်လဲ ကောင်မလေးကရော မင်းကိုဘာပြန်ပြောလဲ ဟာဗျာတစ်ယောက်တစ်ပေါက် မေးနေကြတာကျနော်လည်း ခွေးလိုက်တဲ့အကြောင်း ပြောပြလိုက်တော့ ၀ိုင်းဟားကြလေရောဗျာ။

ကိုယ်ကလိုက်ဖို့သွားတာ ပြန်အလိုက်ခံရတယ် အံ့ရော။ ပြန်တွေးကြည့်ရင် ရယ်စရာပေါ့။ ဒါပေမယ့် အဲဒီအချိန်မှာ ကျနော် ဘယ်ရယ်နိုင်မလဲဗျာ။ ဒီလိုပါပဲ ဆယ်ကျော်သက်အရွယ်ဆိုတော့ ကျနော် အချစ်ဆိုတဲ့ ခံစားချက်တွေကို နားမလည်ပါဘူး ဘာမှန်းလည်းမသိပါဘူး။ သူငယ်ချင်းတွေ မြှောက်လို့သွားတာ တစ်ကယ်တမ်း အဲဒီအချိန်တုန်းက ကျနော်မှာ (၁၅၀၀) အချစ်တွေ မမွေးဖွားရသေးဘူးထင်ပါတယ်။ နောက်တော့လည်း အဲဒီကောင်မလေးနဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်သွားကြပါတယ်။

နောက်ဆုံးတော့လည်း ကိုယ့်ခံယူချက်နဲ့ကိုယ် ကိုယ့်ဝါသနာနဲ့ကိုယ် ဆိုတော့ ကိုယ့်လမ်းလျှောက်ကြတာပေါ့။ ကျနော်ချစ်တဲ့ သူငယ်ချင်းတွေနဲ့ ခွဲလာခဲ့တာ အခုဆို အချိန်တွေတော်လေး ကြာညောင်းခဲပြီးပေါ့။ တစ်နေ့တစ်နေ့ တစ်ချိန်တစ်ချိန်မှာတော့ . . .

ကျနော်ရဲ့ ဆောင်းတွင်းအဖြစ်အပျက်လေးကို ဖတ်ပြီးတော့ blogger မောင်နှမများ ပျော်ရွှင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဆောင်းတွင်းလေးကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေ။

0 comments: