ပခန်းသား >> အချစ်ဆိုတာ

Tuesday, December 2, 2008

လူရယ်လို့ဖြစ်လာယင် အချစ်နဲ့ မကင်းပေဘူးတဲ့ဗျာ အချစ်ဆိုတဲ့အရာကို ဆွဲငင်ပိုက်ထွေး ငဲ့ညာခြင်းတွေနဲ့ အနိုင်းအထပ်ပြုယင်တော့ ကိုယ်စားမယ့်အစာကို သူများစားတာ မဟန့်တားတဲ့ တိရစ္ဆာန်လေးမှာလည်း အချစ်ရှိတယ်ဆိုရမှာပေါ့လေ

တောင်ဆိတ်မျိုးနွယ်တစ်ခုရဲ့ အမူအကျင့်လေးတစ်ခု ငယ်ငယ်ကဖတ်ဖူးပါတယ်

ဆိတ်မတစ်ကောင်ကို ဆိတ်ထီးနှစ်ကောင် ပြိုင်ကြိုက်မိယင် သူတို့ဟာ ချစ်ခြင်းကို စစ်ခင်းကြရပါသတဲ့ ဆိတ်ထီးနှစ်ကောင်ဟာ အသေအလဲတိုက်ခိုက်ကြပါတော့တယ်တဲ့ ဒီလိုနဲ့ တစ်ကောင်နိုင်သွားတယ်ပေါ့ဗျာ

ပွဲပြီးသွားတော့ အောင်နိုင်သူ မောင်ဆိတ်မင်းက တောင်ကပူလေးပေါ်တက်လို့ လေပြေအေးနဲ့ ငြိမ့်နေသတဲ့ဗျာ ဆိတ်မခမျာတော့ စစ်ရှုံးတဲ့ ဆိတ်ထီးနားကို သွားပြီး ဒါဏ်ရာက သွေးတွေကို လျှာနဲ့ယက်ပြီး ချွေးသိပ်ပေးပါသတဲ့ ဆိတ်မကိုပိုင်ဆိုင်ရတော့မယ့် အောင်နိုင်သူဆိတ်ထီးက ဒီလို သွားအားပေးတဲ့ ဆိတ်မကို ဟန့်တားခြင်းမရှိပါဘူးတဲ့ဗျာ သိပ်မကြာလှတဲ့ ကာလမှာတော့ ရှုံးနိမ့်သူ ဆိတ်ထီးကို ထားခဲ့ပြီး ချစ်စကြင်စ မောင်နှံနှစ်ဖေါ်က ဟန်နီးမွန်းထွက်ကြပါသတဲ့ခင်ဗျာ

ဒီပြယုဂ်လေးသာမှန်မယ်ဆိုယင် တိရစ္ဆာန်တွေမှာလည်း ဖေါ်ပြခြင်းငှာ မစွမ်သာတဲ့ လျှို့ဝှက်တဲ့ အချစ်သင်္ကေတတွေ ရှိနေမယ်လို့ ခန့်မှန်းမိပါတယ်

အဲ လူတွေကျတော့ရော အချစ်ကို ဘယ်လိုမြင်ကြမလဲ စဉ်စားစရာတွေဖြစ်လာတယ်

လူက တိရစ္ဆာန်ထက်ဉာဏ်ရည်မြင့်တော့ အချစ်အကြောင်း အမျိုးမျိုးဖွင့်ဆိုနိုင်ကြမှာပေါ့လေ စိတ်ခံစားမှုနဲ့ဆိုင်တော့ အမျိုးမျိုးကွဲပြားကြမှာ သေချာပါတယ် ဒါပေမယ့် အချစ်ဟာ အမုန်းပါလို့ထိပြောရလောက်အောင်တော့ မကွဲပြားနိုင်ကြဘူးထင်ပါတယ်

စိတ်ခံစားမှုကို တင်ပြယင်တော့ သေချာပေါက်ရင်ဆိုင်ရမယ့် ပြဿနာတွေကြုံလာမှာပါ

ပထမပြဿနာက မိမိတကယ်ခံစားရတာလား သိဖူးဖတ်ဖူးတဲ့အသိတစ်ခုကို ညွှန်းတာလား

ဒုတိယပြဿနာက စိတ်ထဲကခံစားမှုကို အတိုင်းသားပေါ်လွင်အောင်ကူညီမယ့် စကားလုံးများ မကြွယ်ဝမှုတို့ပဲ ဖြစ်ပါတယ်

ကျွန်တော်က့  အချစ်ဆိုတာကို ကျွန်တော့်ရင်ထဲကအတိုင်း စကားလုံးချို့ငဲ့စွာနဲ့ တင်ပြပါ့မယ်

  • အချစ်ကဒီလိုအစပြုတယ်

အသံလေးကြားလို့ဖြစ်ဖြစ် မျက်နှာလေးမြင်ရလို့ဖြစ်ဖြစ် ကားတိုးစီးရာက အထိအတွေ့လေးဖြစ်ဖြစ် သာယာမှုတစ်ခုကို အကြောင်းပြုလို့ အစပြုတတ်တယ်

စိတ်ရှုပ်သွားအောင်လုပ်တဲ့သူ ရှက်သွားအောင်လုပ်တဲ့သူ လန့်သွားအောင်လုပ်သူများကိုလည်း ချစ်တတ်ကြပါသေးတယ်

  • အချစ်ကဒီလိုတိုးတက်ဖြစ်ထွန်းတယ်

သွေးမတော်သားမစပ်ကနေ သွေးတော်သားစပ်အောင် ကြိုးစားရတဲ့ အပိုင်းဆိုတော့ ပင်ပမ်းမယ် ပြင်းထန်မယ်ပေါ့ အများကြီးညှိယူရမယ် ဒါပေမယ့် တိုးတက်ဖြစ်ထွန်းအောင်ပဲ ဆန္ဒရှတော့ ဒီအဆင့်က အဆင်ပြေဖို့လွယ်ပါတယ်

  • အချစ်ကဒီလိုယိုင်နဲ့လာတယ်

စိတ်ထဲမှာတော့ ချစ်သူဆိုတာ အိမ်မက်နတ်သမီးလေး ပုံပြင်ထဲက သူရဲကောင်းလိုမျိုး သိပ်ပြီးစွဲမက်ဖို့ကောင်းတာပေါ့ တွေ့တာမြင်တာများလာတော့ စိတ်ကူးတွေနဲ့ကွာလာတယ် ဒီလိုနဲ့ ယိုင်နဲ့လာတယ် မကောင်းတော့မမြင်ပါဘူး ကောင်းတာကိုလည်း မတွေ့ပြန်တော့ဘူးဆိုပြီး ယိုင်နဲ့လာပါတယ်

  • အချစ်ကဒီလိုပျက်ပြယ်တယ်

သူကစဖြတ်လို့ပျက်ပျက် ကိုယ်ကပဲဖြတ်ဖြတ် ပတ်ဝန်းကျင်ကြောင့်ပြတ်ပြတ် စိတ်အားကတော့ငယ်ကြတယ် စဖြတ်တဲ့သူကတောင် အများက သူမှန်တယ်လို့ထင်စေချင်ပြီး ၀ိုင်းသနားစေချင်ကြတာ အဖြတ်ခံရတဲ့သူကဆို လောကမှာသူပဲကံအခေဆုံး အယိုင်နဲ့ဆုံးပေါ့

  • အချစ်ကဒီလိုအသစ်တဖန်မွေးဖွားပြန်တယ်

မကြားချင်လည်းကြားရ မမြင်ချင်လည်းမြင်နေရတော့ မခံစားချင်လည်းခံစားနေရတော့ အချစ်မရှိတော့လည်းမနေတတ်ကြပေဘူးလေ . . .

0 comments: