စိတ်ကူးယဉ်မယ် ...

Tuesday, December 30, 2008

ကောင်းကင်ပေါ်မှာ တိမ်မိုးသားညိုညိုလေးတွေ၊ လွတ်လပ်စွာ ပျံသန်းနိုင်တဲ့ ငှက်ကလေးတွေ၊ ပြီးတော့ ကျွန်မပါးပြင်ကို ခိုးခိုးနမ်းတတ်တဲ့ လေညှင်းလေးတွေ... အပြစ်ကင်းစွာပျော်မြူးနေတဲ့ ကလေးငယ်လေးတွေရဲ့ ရယ်သံတွေ၊ ပန်းပေါင်းစုံနားမှာ ရစ်ဝဲနေတတ်တဲ့ပျားလေးတွေရဲ့ အသံတွေ၊ ညစ်ညမ်းမှုမရှိတဲ့ ကမ္ဘာကြီးရဲ့ သီးသန့်ဒီနေရာလေးဟာ သာယာလွန်းလှပါတယ်လေ...။
အသက် ၂၀ကျော်အရွယ် မိန်းမသားတစ်ယောက်.. ရိုးယဉ်တဲ့ မြန်မာဆန်ဆန် အဝတ်အစားတွေကို
ဝတ်ဆင်ထားပြီး ခါးကျော်တဲ့ သူမဆံနွယ်ရှည်တွေကို တစ်ဝက်စီးလျက် ခုံတန်းလေးမှာထိုင်နေတယ်။ သူမမျက်ဝန်းတစ်စုံက သူမအနား မနီးမဝေးမှာ ပျော်ရွှင်စွာဆော့ကစားနေတဲ့ ကလေးငယ်လေးတွေဆီကိုရောက်နေတယ်... အလွန်နှစ်သက်တဲ့ စံပယ်ပန်းကိုကိုင်လျက် သူမမျက်နှာမှာလည်း အပြုံးပန်းပန်လျက်နဲ့ပေါ့... ...
ကလေးငယ်လေးတွေက ဟိုတစ်အုပ်စု ဒီတစ်အုပ်စုနဲ့... သူတို့လေးတွေ ပျော်မြူးရာနေရာမှာ ချုပ်နှောင်မှုများကင်းစွာ၊ အပူပင်တွေကင်းစွာ အပြုံးမပျက်ဆော့နေရှာတယ်။ ဒါကိုသူမငေးရင်း ကလေးငယ်လေးတွေရဲ့ ရှေ့ရေးကိုကြိုတွေးနေမိတယ်... တစ်ဖန်.. သူမရဲ့ ငယ်ဘဝလေးကိုလည်း တမ်းတမိသလိုခံစားလိုက်ရတယ်။
သက်ရှိလူသားမို့ ကြီးပြင်းရတယ်... အရွယ်နဲ့လိုက်အောင် တွေးခေါ်ရတယ်၊ ပူပင်ရတယ်၊ လုပ်ဆောင်ရတယ်။ အတွေးတွေ နောက်ပြန်လှည့်ရင်း သူမခံစားခဲ့ရတဲ့ တစ်ချိန်တစ်ခါ... ...မျှော်လင့်ခြင်းတွေပြည့်နေတဲ့ သူမမျက်ဝန်း .. ပြန်မွေးဖွားခဲ့ရပြန်ပြီလေ.. လှည့်စားတတ်တဲ့ လောကကြီးအကြောင်း သူမစဉ်းစားနေရင်း
“ ဖေဖေ .. ဖေဖေ .. ” ကလေးတစ်ယောက်ရဲ့ သူဖေဖေကိုခေါ်သံ ...သူမဘယ်ငေးရမယ်မှန်း မသိခဲ့.. ဖေဖေလို့ခေါ်တဲ့ ကလေးဆီအမျိုးသားတစ်ယောက် လျှောက်သွားနေတာကို သူမတွေ့လိုက်ရတယ်... အမျိုးသမီးတစ်ယောက်လည်း ထိုအမျိုးသားနောက်ကို လိုက်ပါသွားတယ်..
“ ဆရာမ .. ဆရာမ .. ဒါသားဖေဖေနဲ့ မေမေပါ ဆရာမ ” ..
သူမမျက်ဝန်းတွေမှာ စိုစွတ်တဲ့ အရည်တစ်ချို့ပြည့်လာခဲ့တယ် ... အော် .. သူပဲ ... သူမမျှော်လင့်ခဲ့ရတဲ့သူပဲ ... ကလေးတစ်ယောက်အဖေဖြစ်လို့ မိသားစုရဲ့ အေးချမ်းပျော်ရွှင်မှုအောက်မှာ သာယာနေတဲ့ သူ့ရဲ့မျက်နှာ... ...သူမထိုင်နေရာမှ ထခဲ့ပါတယ် ... သူမမျှော်လင့်ခဲ့ရတဲ့သူ ... ... သူ့မိသားစုကို လက်တွဲလို့ အချိန်တွေကုန်အောင်မျှော်လင့်ခဲ့ရတဲ့ သူမကိုတော့ ကျောခိုင်းခဲ့ပြီ...။
ကျန်ခဲ့တဲ့ အခြားကလေးတွေဆီ သူမလျှောက်လှမ်းခဲ့ပါတယ်။ ကလေးငယ်လေးတွေရဲ့ နွေးထွေးလက်ကလေးတွေက သူမကိုလက်လမ်းခဲ့တယ်။ ၀မ်းနည်းမှုတွေ၊ ခံစားရခြင်းတွေက ပျောက်ချင်မှပျောက်သွားပါလိမ့်မယ်လေ... ဒါပေမယ့် အရာအားလုံးက သူ့နေရာနဲ့သူဖြစ်သွားပြီပဲ... ဘဝ၊ ဖျက်ကျော်လို့မရတဲ့စည်း .. ခြားခဲ့ပါပြီလေ။ အဲဒီနေ့က ကလေးငယ်လေးတွေနဲ့ ပျော်ရွှင်စွာဆော့ကစားရင်း သူမငိုခဲ့တာကို ကောင်းကင်ကြီးနဲ့ သူမပဲသိမယ်ထင်တယ်... အော် မဟုတ်ဘူး ..ခုံတန်းလေးမှာ ကျန်ခဲ့တဲ့ စံပယ်ပန်းလေးပါ သိမှာပါ သူလဲမိုးကြားမှာ နွမ်းခဲ့ရတယ်...ကောင်းကင်ကြီးကိုတစ်ချက်မော့ကြည့်ပြီး မိုးစက်တွေကို သူမ ကျေးဇူးတင်ခဲ့ပါတယ်.. မိုးစက်တိုင်းဟာ သူမအတွက် အမှတ်တရပါပဲလေ...။
( သွယ်-LONE )

ဟဲဟဲ ... နှစ်မျိုးမထင်ပါနဲ့ ... တူလေးဂျယ်နဲ့ မမမယ်ဂုတို့ရဲ့ တက်ဂ်ပို့စ်လေးပါ.. စိတ်ကူးယဉ်ခြင်းတဲ့... ပိုက်ပိုက်မှမပေးရတာပဲကို ဘယ်ရမလဲ ယဉ်ပလိုက်တာပေါ့ရို့ ဟီးးး :P တူလေးဂျယ်ရော မမမယ်ဂုပါ ကျေနပ်ပါစေနော် ... ခုလိုတက်ဂ်တဲ့ တူလေးဂျယ်ရော မမမယ်ဂုကိုပါ အထူးကျေးဇူးတင်ရှိပါကြောင်း... ဖတ်ပေးတဲ့ မောင်နှမတွေကိုလည်း ကျေးဇူးတင်ပါကြောင်း ... စိတ်ကူးယဉ်လိုက်ရလို့ ပျော်တွားပြီ :)

0 comments: