Dream>> အကြိုက်ဆုံးကဗျာများ

Sunday, December 7, 2008


ဘ၀ကိုရိုးရိုးလေးဖြတ်သန်းချင်တဲ့သူ


အဲဒီကောင်းကင်ပေါ်က အရုပ်တွေဟာ
လှပတဲ့အိပ်မက်ဖြစ်သလို
ရုပ်ဆိုးသွားတဲ့ မျှော်လင့်ချက်လည်းဖြစ်တယ်၊
ရေစီးအားကောင်းတဲ့ စမ်းချောင်းလေးဖြစ်သလို
ကောသွားတဲ့ ဖြစ်တည်မှုလည်းဖြစ်တယ်၊
သီးနှံတွေစိမ်းလန်းတဲ့ အသက်ရှင်နေထိုင်မှုဖြစ်သလို
ပေါင်းပင်တွေတောထနေတဲ့ ဖုန်းဆိုးမြေလည်းဖြစ်တယ်။

အပျက်အစီးပုံကြီးကို ကြည့်ကြည့်ပြီး
သူများကိုလည်း အပြစ်မတင်တတ်ခဲ့ဘူး (အကောင်းမြင်ဝါဒ)
ကိုယ့်ကိုယ်ကိုလည်း အပြစ်မတင်တတ်ခဲ့ဘူး (အဆိုးမြင်ဝါဒ)
တစ်စုံတစ်ရာကိုလည်း အပြစ်မတင်တတ်ခဲ့ဘူး (နတ္ထိဝါဒ)
ဘ၀မှာတော့ နေတက် ထိုင်တတ်သွားခဲ့တယ်။

ဘ၀ကို လေတံခွန်လို အလိုက်သင့်လွှင့်တင်ရင်း
ကိုယ်ရည်သွေးတီးလုံးကို အလွန်အကျွံဖွဲ့ဆိုခဲ့မိတယ်၊
သူလိုကိုယ်လို ရှင်သန်ကြီးပြင်းရင်း
သူလိုကိုယ်လို ဒုက္ခတွေရှိခဲ့ပေမယ့်
(ငွေ၊ လိင်ကိစ္စ၊ စဉ်းစားချိန် ၊အချစ် နဲ့ အလင်းရောင်)ကို
သူလိုကိုယ်လိုထက် ပိုတောင့်တမိခဲ့တယ်။

အတ္တရေကန်ထဲမှာ လှိုင်းဂယက်ဖွဲ့ရင်း
လပြည့်ဝန်းကိုတောင်မှ
အစိတ်စိတ်အမြွှာမြွှာခွဲခွဲပြီး ဆော့ကစားတက်တဲ့အထိ
ပြီးမြောက်ခဲ့တယ်။
အေးလေ …
ဖြစ်ချင်တာတွေ မဖြစ်မှတော့
မဖြစ်ချင်တာတွေ ဖြစ်ခဲ့ပေါ့။

ရေးသားသူ.....မြမြင့်မိုရ်

အစိမ်းရောင်မာယာ

ကြေကွဲ အိမ်ထဲကပါးပြင်ကို
နှမြောနေမိစဉ်မှာတော့
မာယာတွေဟာ အလံထူလို့
ပလွှားခြင်းရဲ့ အထိအတွေ့မှာ
သာယာနေလေရဲ့

အစာသွတ်ထားတဲ့ အချစ်ကိုမှ
သပ်သပ်ရပ်ရပ် တန်ဖိုးထားမှုဟာ
(အခုမှ) ရယ်စရာဖြစ်မှန်း
တစ်ယောက်တည်း(မှန်ကြည့်ပြီး)
ဝန်ခံမိတော့တယ်...

ပန်းရိုင်းဟာ ပန်းရိုင်းပါပဲ
ပျားတွေနဲ့ ယဉ်ပါးဖို့
အားထုတ်ရဦးမယ်လေ။

ကပိုကရိုအချစ်တွေကြောင့်
ဘ၀ရဲံ အမိုးအကာအောက်
သံစဉ်ဟောင်း ပြက်လုံးတွေကြားမှာ
အမှန်အကန်နှလုံးသားကို
အပျင်းပြေခဲ့ရပြန်ရော
ရေးသားသူ.... မနောဟရီ

အိပ်မက်

သိပ်ချောက်ချောက်ချားချားကြီးတော့ မဟုတ်ပါဘူး
လေရူးတွေတိုက်နေတဲ့နွေဦးလို
မငိုဘဲမျက်ရည်ကျနေရုံပါပဲ...
ရွက်ဝါတွေကြွေနေသလိုပေါ့... ။
ရှပ်တိုက်ပြေးလွှားနေရတဲ့မြေပြင်
မင်းရင်ခွင်ဖြစ်သင့်စေချင်ခဲ့
အိပ်မက်ရဲ့အပြင်ဘက်
ခြေတစ်ဖက်မှမချနိုင်သေးသရွေ့တော့
ဦးမော့နေသေးတဲ့မာနတချို့ဟာ
ဝေးကွာခြင်းရာသီထဲ
စိမ်းဝေဆဲဖြစ်နေဦးမှာ... ။
အီကွေတာရပ်ဝန်းက
အမြဲစိမ်းသစ်တောတွေရဲ့အတွင်းဘက်
တစ်ချက်လောက်စောင်းငဲ့ကြည့်စမ်းပါ
ရွက်ဝါတချို့
စိမ့်ဝင်သွားခဲ့တဲ့မြေပြင်
ရင်ခွင်တစ်ခုဖြစ်ခဲ့ရင်။

ရေးသားသူ..... မနောဟရီ

ကိုရင်ဝသန်ပေါ့... အကြိုက်ဆုံး ကဗျာတွေ ရေးပေးဆိုပြီး တက်ဂ်ထားတာလေ။ ခက်တာက မက်မက်က ကဗျာ ကောင်းမှန်ရင် အကုန်လုံးကို ကြိုက်နေတာ ခက်နေတယ်၊ အကုန်လုံး ရေးပေးလိုက်ရင် ဘလော့မှာ စာမျက်နှာ တော်တော် စားသွားမှာ..ဟိဟိ..တခုထဲနဲ့လည်း အားမရဘူး..ဒါကြောင့် သုံးပိုဒ်လောက် တင်ပေးလိုက်တယ်။ ကျေနပ်ပါတော့ ဦးအန်ထော်နီဝသန်(ခေါ်) ဦးခပ်ညံ့ညံ့ကောင်ရေ...အဲမှားလို့ ကိုရင်ဂျူဝသန်....ရေ.... (တခွက်လောက် :P ) မောလို့ :P

0 comments: