idulize>> စိတ်ကူးယဉ်ခြင်း

Tuesday, December 30, 2008

ကျွန်တော့်ကို နေ့အိပ်မက်က စိတ်ကူးယဉ်ခြင်းအကြောင်းကို TAG ထားလေရဲ့..
တစ်ပတ်အတွင်း ရေးဖို့ ဆုံးဖြတ်ထားတယ်လေ... တော်ကြာမရေးရင် နေ့အိပ်မက်ကနေ
ညအိပ်မက်ဖြစ်သွားရင် အိပ်ရေးပျက်မှာစိုးလို့..
(အိပ်မက် မက်ရင် နိုးတ၀က်နဲ့ အိပ်ရေးမ၀လို့လေ..ဟိဟိ)

စိတ်ကူးယဉ်ခြင်းမှာ ဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာဆိုပြီး နှစ်မျိုးရှိတယ်လို့
ကျွန်တော်ကတော့ ခံယူမိတယ်.. ကျွန်တော်ကိုယ်တိုင်က စိတ်ကူးယဉ်တာကို
ငယ်ငယ်ကတည်းက အကျင့်တစ်ခုလို မွေးလာခဲ့ပြီး ယခုအချိန်ထိလည်း စိတ်ကူးယဉ်မှုအား ထက်သန်နေတုန်းပါ.. ကျွန်တော် စိတ်ကူးယဉ်ခြင်းတွေထဲက မဖြစ်နိုင်တာ သိပေမယ့်
ဖြစ်ချင်တဲ့ ရူးသွပ်ခြင်းလေးကို ချရေးလိုက်ပြီဗျာ..
ငှက်တစ်ကောင်ဖြစ်ချင်တယ်..ရဲဝံ့တဲ့ ငှက်တစ်ကောင်အဖြစ်ပါ.. လိုရာပျံသန်းရင်း
အတားအဆီးမဲ့စွာပေါ့ .. ကိုယ့်ရဲ့ခြေချောင်းတွေမှာလည်း ခွန်အားတွေအပြည့်နဲ့
မြဲမြံစွာ ကုတ်နိုင်တဲ့ အင်အားတွေလည်း ရှိရမယ်.. မိုင်ထောင်ချီဝေးတဲ့ ခရီးတွေကိုလည်း ပျံသန်းနိုင်ရမယ်..စသည်ဖြင့်ပေါ့.. အဲလိုပဲ ငှက်ဖြစ်ရင်တောင် အဲလိုငှက်ဖြစ်ချင်တာ..
ငှက်တစ်ကောင်ရဲ့ ဆန္ဒကတော့ အေးမြတဲ့ သစ်ရိပ်ဝါးရိပ်မှာ လုံခြုံပြီး နားနေဖို့ အဆင်ပြေတဲ့
နေရာကို လိုချင်တယ်.. တစ်ကောင်တည်းပဲ နေချင်တယ်.. ပတ်ဝန်းကျင်မှာတော့ အပေါင်း အဖေါ်တစ်သိုက်တော့ ရှိရမယ်.. ကိုယ်ခိုလှုံရာ ပတ်ဝန်းကျင်ကပဲ ဆယ့်နှစ်ရာသီ စားသုံးလို့
ရမယ့် သစ်သီး အရွက်တွေ အဖူးအပွင့်တွေ ဖြစ်ထွန်းစေချင်တယ်.. ပတ်ဝန်းကျင်
အပေါင်းအသင်း တွေကလည်း လိုအပ်ရင် ကိုယ့်ပတ်ဝန်းကျင်က စားလို့ရမယ့် အစားအစာတွေကို
လောက်ငှစွာ စားသုံးလို့ ရရမယ်.. အနီးအနားမှာလည်း စမ်းချောင်းငယ်လေး
စီးဆင်းနေရမယ်.. ရေမှာ ပျော်မြူးတတ်တဲ့ ငါးလေးတွေကို သူတို့ အန္တရာယ်ကင်းအောင်
စောင့်ရှောက်သလို ကိုယ်ကိုယ်တိုင်လည်း စမ်းရေအေးရဲ့ ကန့်သတ်နေရာလေးမှာ
အတောင်အလက်တွေကို ဆေးကြာမယ်.. သောက်သုံးလို့ရမယ့်အခြမ်းမှာ
သောက်သုံးမယ်.. စိမ်းလန်းတဲ့ ဖွံ့ဖြိုးသာယာတဲ့ နေရာလည်း ဖြစ်ရမယ် ..
နားနားနေနေ နေပြီး ကိုယ့်ပတ်ဝန်းကျင်မှာ ညည်းငွေ့လာရင် မိုင်ချီဝေးတဲ့
နေရာသစ်ကို ပျံသန်းသွားမယ်..လမ်းမှာခရီးသွားတွေနဲ့ တွေ့ရင် အတူတူ ခရီးဆက်ကြမယ်..
သူ့တို့ရဲ့ အထုပ်တွေကို ကိုယ့်ရဲ့ ခြေထောက်အစုံနဲ့ ကုတ်ယူပြီး လိုရာခရီးကို အဖေါ်ပြု
သယ်ဆောင်ပေးမယ်.. လမ်းခရီးကြမ်းတွေ ရေစီးအားသန်တဲ့ ချောင်းတွေကို
ဖြတ်ကျော်ရမယ်ဆို ကိုယ့်ရဲ့ သန်မာတဲ့ ခြေအစုံနဲ့ပဲ မြဲမြံစွာ ကုတ်ယူ သယ်ဆောင်ပေးမယ်..
ချောမွေ့တဲ့ နေရာရောက်တဲ့ အထိပေါ့.. အန္တရာယ်တွေနဲ့ ကြုံတွေ့ခဲ့မယ်ဆိုရင်လည်း
ကိုယ့်ရဲ့ထက်မြက်တဲ့ နှုတ်သီးနဲ့တွေနဲ့ ထိုးဆိတ်မယ်.. ခြေအစုံနဲ့ တိုက်ခိုက်မယ်..
အချိန်အတိုင်းအတာ တစ်ခုအထိ.. ခရီးသွားဖေါ်တွေ ရောက်လိုတဲ့ နေရာကို
ရောက်လို့ ခရီးတစ်ထောက်နားပြီး ကိုယ်လိုရာကို ဆက်ပျံသန်းမယ်..
လူတွေစကား နားလည်သလို လူတွေနားလည်အောင် ပြန်ပြောတတ်တော့
ခရီးသွားနေတဲ့ အတောအတွင်းမှာ သူတို့နဲ့ ပြောဆို ဆွေးနွေးရင်း ဗဟုသုတ
အတွေးအခေါ်တွေ သင်ခန်းစာတွေလည်း မှတ်ယူမယ်..ငှက်တစ်ကောင်ရဲ့
အားအင်နဲ့ မိုးမြင့်မှာ ပျံသန်းနေရင်း ကမ္ဘာမြေပြင်မှာ မြင်တွေ့နေရတဲ့ လူတွေ
အဆောက်အဦးတွေ.. စသည်ဖြင့် အကုန်လိုက်ကြည့်မယ်..
ရှု့ထောင့်အမျိုးမျိုးကနေ လိုက်ကြည့်လို့ လေဟုန်စီးရင်း ပျံဝဲနေမယ်..ပူအိုက်တဲ့
ရာသီတွေမှာလည်း ကိုယ့်ရဲ့ အတောင်ရိုက်ချက်တွေနဲ့ အားလုံးကို လေပြည်အေးတွေ
တိုက်ခတ်ပေးမယ်.. ရောက်တဲ့ အရပ်မှာလည်း မိတ်ဆွေအချို့ ဖွဲ့မယ်..
သူတို့ဆီကိုလည်း ကူးချီသန်းချီနဲ့ လိုအပ်တာတွေကို ဖလှယ်ကြမယ်..
အားလုံးမဟုတ်ရင်တောင် ငှက်တစ်ကောင်ရဲ့ ဖြည့်စွမ်းပေးနိုင်တဲ့ ဘက်က
တစ်ချို့ကို ဖြည့်စွမ်းပေးမယ်.. အိုမင်း မစွမ်းလို့ ပျံသန်းဖို့ အင်အားတွေ ကုန်ခမ်းနေရင်တောင်
တစ်ချိန်တစ်ခါက ကိုယ့်ရဲ့ အတောင်ရိုက်ချက်ရဲ့ လေအဟုန်ကို သစ္စာပြုခဲ့မယ်..
နောင်ပေါက်လာမယ့် ငှက်ကလေးတွေကိုလည်း သင်ခန်းစာတွေ ပေးခဲ့မယ်..
ငှက်တစ်ကောင်ရဲ့ သီိအိုရီကိုလည်း ကမ္ဘာတစ်ခွင်မှာ လှိုင်းအဖြစ် ထားရှိခဲ့မယ်..

စိတ်ကူးယဉ်ခြင်းကို စာတိုအနေနဲ့ ရေးသားလိုက်ပါတယ်..

တစ်ခါတစ်ရံ စိတ်ကူးယဉ်မှုတွေကြောင့် ပျော်ရွှင်ခြင်းတွေ ဖြစ်တတ်သလို
လက်တွေ့အကောင်အထည်ဖေါ်တဲ့ အခါ ဖြစ်မလာရင် စိတ်ညစ်တာလေးတွေ
ဖြစ်ဖူးကြမှာပါ.. ကိုယ်တွေးတာလေးတွေ ဖြစ်ချင်တာလေးတွေကို စိတ်ကူးယဉ်တိုင်း
ဖြစ်တယ် ဆိုပေမယ့် ကျွန်တော်တို့ လူသားတွေအနေနဲ့ လက်တွေ့ဘ၀တွင်
စိတ်ကူးယဉ်ခြင်းတွေနဲ့ ကွာဟတတ်တာမို့.. ရေးခဲ့ဖူးတဲ့ ကဗျာလေးကို ထည့်သွင်း
ရေးသားဖေါ်ပြရင်း နေ့အိပ်မက်နှင့် ဘလောခ့်မောင်နှမများ အားလုံးလည်း
နားလည်ဖတ်ရှုရင်း စိတ်ကူးယဉ်ခြင်းမှ လက်တွေ့အနာဂတ်တွေကို ပိုင်ဆိုင်နိုင်ပါစေလို့
တောင်းဆုပြုလိုက်ပါတယ်..။

စိတ်ကူးယဉ်ခြင်း ရူးသွပ်ခြင်းကြောင့်
အတွေးမှာတင် ပျော်ခဲ့သော်လည်း
တစ်ကယ့်လက်တွေ ပီပြင်ဘ၀တွင်
စိတ်ကူးယဉ်မှု လက်တွေသရုပ်နှင့်
ကွာဟခြားနား လားလားမှမတူ
လူ့ဘ၀မို့ ယဉ်သည့်အတွေး
ဖြတ်တောက်ခဲ့ပါ ဒီမျှသာမို့ ..။

0 comments: