ကိုရင်ညိန်း >> Tag ပြန်ပြီဗျ

Tuesday, December 2, 2008

ဘလောဂ္ဂါမမ မွန် က Tag ပါတယ်ဆိုလို့ သူရေးထားတာလေးကို ပြန်ရေးပေးတာပါ


ဘူတာက ထွက်ထွက်ချင်း သူများတွေဖုန်းဆက်တာကို အားကျပြီး အိတ်ထဲကဖုန်းကို ဟန်ပါပါဆွဲထုတ် လိုက်တယ် ။ ဘယ်အမျိုးအစားနဲ့ ဆက်ရင်ကောင်းမလဲ ၊ အမျိုးအစားစုံ လောလောဆယ်နောက်ဆုံးပေါ် မော်ဒယ်ချည်းပဲ အလုံး၃၀ကျော်တယ် ။ ပြောရင်ယုံကြပါ့မလား ၊ ဖုန်းတွေအောက်မှာရေးထားသေးတယ် လူကြီးမင်းအတွက် အကောင်းဆုံးဝန်ဆောင်မှု့ ၁၀% လျော့ဈေးဆိုပဲ ။ သွားစမ်းပါ စိတ်ပေါက်ပေါက်နဲ့ လက်ထဲက ဖုံးအလုံး ၃၀ကျော်ပါတဲ့ စာရွက်ကို မနှမြောပဲ လွင့်ပစ်လိုက်တယ် ။ နောက်မှ အဆောင်မှာ အိမ်သာသုံး စက္ကူကုန်နေတာကို သတိရပြီး အသာပြန်ကောက်တယ် ။ ညဆယ်နာရီခွဲ ဆိုတော့ အဆောင်က ဖွင့်တောင်ဖွင့်ပါတော့မလား ။ အဆောင်ကို ပြန်ရမယ့်လမ်းက တောအုပ်ကိုဖြတ်ရမှာ ။


လက်မှာဆွဲထားတဲ့ အိတ်ထဲမှာ မလျော်ရသေးတဲ့ အ၀တ်တစ်စုံ ၊ ရောက်တတ်ရာရာရေးထားတဲ့ စာရွက်ကြမ်းတွေ ပေါင်းထားတဲ့ ဖိုင်တွဲတစ်ခု ၊ သူငယ်ချင်းဆီက ဓားပြတိုက်လာတဲ့ သုံးလိပ်လောက်ကျန် နေတဲ့ ဆေးလိပ်ဘူးရယ် ၊ သွားပွတ်တံတစ်ချောင်းရယ် ၊ နောက်ပြီး အိမ်သာသုံး စက္ကူလောင်း ဖုန်းကြော်ငြာ စာရွက်ကြီးက အိတ်ထဲမှာ မိန့်မိန့်ကြီး ။


အပြန်လမ်းမှာ လက်က အထုပ်ကို အသားစိမ်းထုတ်မှတ်ပြီး လာဆွဲမှာလည်းစိုးရသေးတယ် ။ ပြောမယ့်သာ ပြောတာပါ ဒီကသရဲတွေက အစိမ်းရော စားပါ့မလားမသိဘူး ၊ လာဆွဲလို့ ကြောက်ကြောက်လန့်လန့် နဲ့ဘုရားစာရွတ်ရင်တောင်တောင် နားလည်မယ့် ကောင်တွေမဟုတ်ဘူး ။ တော်သေးတာပေါ့ ပိုက်ဆံမရှိလို့ ဟမ်ဘာဂါမ၀ယ်လာမိတာ တော်သေးတယ် နို့မို့ တော်ကြာ ဟမ်ဘာဂါနံ့ရလို့ဆိုပြီး လိုက်ဆွဲနေမှ အခက်ပဲ ။ တော်ပြီ နောက်ဆို တစ်ယောက်တည်းပြန်လာလို့မှောင်ရင် ဟမ်ဘာဂါ မ၀ယ်လာတော့ဘူး ။ ဘုရားရှိခိုးကိုလည်း ရုရှားဗားရှင်းပြောင်းမှ တော်မယ် ။


အရင်ကလို ခပ်ဖြည်းဖြည်း ပဲများပြီးလျောက်လို့မရတော့ဘူး ။ အပြေးတစ်ပိုင်းလျောက်မှတော်ကာ ကျမယ် ။ အဆောင်ပိတ်သွားရင် အပြင်မှာမိုးလင်းရမှာ ။ ခုလိုညမျိုး ကောင်မလေးတစ်ယောက်လောက်နဲ့ လက်တွဲပြီးလျောက်လိုက်ရ လို့ကတော့ အနိပ်ပဲ ။ လောလောဆယ်ကတော့ လက်က အထုတ်ကအလိုက်မသိလေး လေးလာတယ် ။ အမှန်က သူ့ကို ကိုယ်ကဆွဲလာတာ ခုတော့သူကကိုယ့်ကို ပြန်ဆွဲနေတယ် ။ တော်သေးတယ် ညပိုင်းမို့လို့ ကားတွေမရှိလို့ ၊ နို့မို့ဆို ကားတွေဖြတ်သွားတိုင်း ဖုန်တွေမျက်လုံးထဲ ၀င်လို့မျက်ရည်လည်ရတာ အခါခါပဲ ။ တစ်ချက်တစ်ချက် လမ်းဘေးက ထိုးဟောင်လိုက်တဲ့ ခွေးသံတွေက ခြေလှမ်းတွေ ပိုသွက်အောင်လုပ်ပေးနေတယ် ။ လိုက်ဆွဲလို့ အော်လည်း သူတို့က မြန်မာလိုနားလည်မယ့် ကောင်တွေမဟုတ်ဘူး ။


မဖြစ်သေးပါဘူး ၊ ရုရှား သမ္မတဆီ ခွေးတွေကို မြန်မာလို့လန့်လို့ မောင်းတာလေးတော့ သိအောင်သင်ထားပေးဖို့ မေတ္တာစာ တစ်စောင်လောက်တော့ရေးဦးမှ ။ အပေါ်ကိုလည်း သိပ်မကြည့်ရဲဘူး တော်ကြာ အောက်ကခလုတ်တိုက်လို့ လဲနေမှ ရွာသူပြုစားတာ ခံနေရဦးမယ် ။ အောက်ငုံ့လျောက်ရင်း ကျလာတဲ့ ဆံပင်တွေကို ဟန်ပါပါ သပ်တင်လိုက်တော့ ဆံပင် ဆယ့်လေးငါးချောင်းလောက် ကျွတ်ပြီးပါလာတယ် ။ သြော်…. အသက်တွေလည်းကြီးလာမှကိုး .. ။ သူငယ်ချင်းတွေက ပြောပါတယ် မင်းဆံပင်တွေ တော်တော်ရှည်နေပြီတဲ့ ။ အင်းလို့ပဲပြန်ပြောလိုက်ပါတယ် ၊ ဆံပင်ညှပ်ခတွေရှည်လာတာတော့ ဒင်းတို့က သိမှမသိပဲကိုး ။ မြန်မာပြည်မှာလို ဆံပင်လိုက်ဝယ်တဲ့သူရှိလည်း အကောင်းသား ၊ ခုလက်ရှိဆံပင်ကို ဒေါ်လာနှစ်ရာလောက် ပေးရင် ခေါင်းတုံး တုံးသင့်ရင်တုံးရအောင်ပေါ့ ။


အဆောင်ပြန်ရောက်ရင် အရင်ဆုံးကုတင် ကိုရှင်းရမယ် ။ ကျောင်းပိတ်ရက် ၂လလုံးပစ်ထားတော့ ကုတင်က အအိပ်တောင်ခံပါ့မလား ၊ ပတ်စ၀က်မှားတယ် ဆိုပြီး အအိပ်မခံရင် ဒုက္ခ ၊ အင်းလေ အဆင်မပြေတော့လည်း ၀င်းဒိုးပြန်တင်တာပေါ့ ။ အဆောင်အောက်ရောက်တော့ အဆောင်က လုံခြုံရေးဘွားတော်ကို တော်တော်ပြောယူရတယ် ။ သူကပြောသေးတယ် မင်းကိုအဆောင်မှမမြင်ဖူးပါဘူးတဲ့ ။ ပတ်စပို့ထုတ်ပြမှ လက်ခံတယ် ၊ ဒါတောင်အင်တင်တင်နဲ့ မနက်ကျတစ်ခေါက် လာပြဦးတဲ့ ။ အခန်းရောက်တော့ ဘလောဂ့်တွေဘာတွေ ခပ်ဝေးဝေးထား ၊ လောလောဆယ် ဗိုက်ကို အရင်ဖြည့်ရမယ် ။ တော်သေးတာပေါ့ တစ်ထွာပဲရှိလို့ တစ်တောင်လောက်သာဆို ခက်ရချည်သေး ။


စားစရာ ဘာမှမရှိပဲ အလိုက်မသိဆာလာတဲ့ ဗိုက်အတွက် တစ်ခန်းဝင် တစ်ခန်းထွက် ထမင်းရှိလား လိုက်မေး နေရတယ် ။ စားပြီးရင်တော့ အိပ်ရဦးမယ် ။ လောလောဆယ်တော့ အဲဒီ ခဏခဏ ဆာတတ်တဲ့ ဗိုက်ကြီးရဲ့ ပြဿနာကိုရှင်းဖို့ တစ်ခန်းဝင်တစ်ခန်းထွက် စားစရာလိုက်ရှာရင်း ၊ လောလောဆယ်အိပ်လို့မရသေးတဲ့ ကုတင်ကြီးကို ၀င်းဒိုးပြန်တင်ရင်း ပန်းကန်တစ်ချက်နဲ့ ကော်ရစ်ဒါမှာ လျောက်တုန်းပေါ့ … ( အဟေးဟေး )

0 comments: