(((((((... ဗွမ်း ...)))))))

Monday, March 2, 2009

မြေနီလမ်းကလေးအတိုင်း အပြေးတစ်ပိုင်း လျှောက်လာခဲ့တဲ့ ကျနော့်ခြေလှမ်းတွေက တုန်ချည့်နေပါပြီ..။ လွင့်ပျံ့တက်လာတဲ့ ပုပ်အက်အက် အနံ့တွေက ကျနော့်ကို တကယ်ပဲ အော်ဂလီဆန်သွားစေပါတယ်..။ တံခါးကို ဂျိမ်း ကနဲ ဆောင့်ပိတ်ရင်း အသက်ကို တစ်ဝက်တစ်ပျက် အောင့်ထားလိုက်တယ်..။ အခန်းလေးက ကျနော့် တစ်ကိုယ်စာ ဆန့်ရုံလေးပါ..။ ဒါပေမယ့် ကျနော် ကျေကျေနပ်နပ်ကြီး စိတ်လွတ် ကိုယ်လွတ် ထိုင်ချလိုက်တယ်..။

ကျနော်ကို ငုံ့ကြည့်နေတဲ့ သူ့အကြည့်ခပ်စိမ်းစိမ်းတွေကို ရုတ်တရက် ရင်ဆိုင်လိုက်ရတော့ ကျနော် တော်တော်လေး လန့်သွားမိတယ်..။ ကျနော် သိထားတာ ဒီအခန်းထဲမှာ ကျနော် တစ်ယောက်တည်း.. အခုတော့..။ ကျနော့် လာရင်း ကိစ္စကို မေ့သွားလောက်အောင် ရင်တွေလည်း ခုန်လာပါတယ်.. သူ့မျက်ဝန်းတွေက ကျနော့် စိတ်တွေကို တုန်ရီ မောဟိုက်လာစေတယ်..။ ဒီနေရာမှာ သူရှိနေမယ်လို့ ကျနော် လုံးဝ ထင်မထားခဲ့တာပါ..။ ကျနော်ကတော့ တစ်ယောက်တည်းဆိုတဲ့ အသိနဲ့ အရာရာကို မေ့လျော့ လွတ်လပ်နေလိုက်တာ..။ မထင်မှတ်ပဲ သူ့ကိုတွေ့လိုက်ရတော့.. ကြောက်လည်းကြောက်.. ဒေါသလည်းထွက်.. ရှက်လည်းရှက်.. ကျနော် ဘယ်လိုရင်ဆိုင်ရမလဲ..!

တဖြေးဖြေးတိုးလာတဲ့ သူ့ခြေလှမ်းတွေ.. သူ့လက်က မွေးညင်းနုလေးတွေ.. သူ့နှုတ်ခမ်းက ခပ်တိုးတိုး အသံတွေ.. အို.. ကျနော့်လေ တုန်လှုပ်ခြောက်ခြားစွာ တစ်ကိုယ်လုံးကို တောင့်တင်းသွားခဲ့တာပါ.. အသက်လည်း မရှူရဲ လောက်အောင် ကျောက်ရုပ်တစ်ရုပ်လို ငုတ်တုတ် မင်တက်မိနေတယ်.. ခြေဖျားလက်ဖျားတွေလည်း ရေခဲတုံးတွေလို.. ကျနော့် ပါးတွေ နားတွေလည်း မီးမြိုက်ထားသလို ပူလောင် နီရဲလို့..။ အေးသလား.. နွေးသလား.. မသိတော့တဲ့ ချွေးစေးတွေလည်း စိမ့်ထွက်လာပါတယ်.. ကျနော် ဘာလုပ်ရင် ကောင်းမလဲ..! ရင်ဆိုင်လိုက်ဖို့ဆိုတာလည်း မတွေးရဲပါ..။

အခန်းတံခါးကိုဖွင့် ပြေးထွက်သွားရင် ကောင်းမလား..! ဒီလိုတော့လည်း ကျနော် မထွက်ရဲ.. ကျနော့်ရဲ့ အရှက်.. အရှက်တရားတွေ.. သိက္ခာတွေ..။ အောက်ကို ငုံ့ကြည့်လိုက်တော့လည်း မ၀ံ့ရဲ.. ခုန်ချလိုက်လိုက်ဖို့ ဆိုတာမတွေးရဲစရာ.. ကျနော် မျက်လုံးတွေ မှိတ်ထားလိုက်ရင် ကောင်းမလား..! သူ့မျက်လုံးကို ရဲရဲ ပြန်ကြည့်လိုက်ရင်ရော..! ဖြစ်ပါ့မလား..! ကျနော်ထိတ်လန့်နေတယ်.. သူဘာလို့ ဒီအခန်းထဲ ရောက်နေတာလဲ..! ကျနော်.. ကျနော်လေ..!

ခံစားနေရတဲ့ ဝေဒနာတွေကလည်း အကြီးအကျယ် ဖိအားပေးနေပါတယ်.. ကြက်သီးတွေလည်း ကျောထဲက စိမ့်ပြီး ထလာပါတယ်.. ဒူးတွေ တဆတ်ဆတ်တုန်လာတယ်.. အာခေါင်တွေလည်း ခြောက်ကပ်လာတယ်.. အသက်ရှူရတာ မ၀တော့ သလိုလို.. ခေါင်းတွေမူးလာသလိုလို..။ ကြောက်စိတ်နဲ့ ဝေဒနာကြားမှာ ခံစားနေရတဲ့ ဒုက္ခက သေလုမြောပါး ပါပဲ..။

ကျနော် အသက်အောင့်ထားလိုက်တယ်.. မျက်စိကိုစုံမှိတ်ပြီး အံကို ခပ်တင်းတင်း ကြိတ်လိုက်တယ်.. လက်သီးကိုလည်း ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်တယ်.. ရှိသမျှအားအင်တွေကို စုရင်း စိတ်ရှိလက်ရှိ... ညှစ်ချလိုက်တယ်...

(((((((((((... ဗွမ်း ...)))))))))))

ကျနော့် နားထဲက လေတွေထွက်သွားတာ “ဟူးးး..” ကနဲ ပါပဲ..။ ကျနော့် မျက်နှာကြီးလည်း ပူရှိန်းနီရဲသွားတယ်.. ။ ကျနော့်တစ်ကိုယ်လုံးလည်း ပူထူပြီး ပျော့ခွေသွားပါတယ်.. ကျနော် သူ့ကို မ၀ံ့မရဲ မော့ကြည့်လိုက်တော့.. သူ... ကျနော်နဲ့ ခပ်လှမ်းလှမ်း ဒေါင့်တစ်နေရာကို ရောက်နေပါပြီ.. ကျနော့်ကို နှာခေါင်းရှုံ့ပြီး ကြည့်နေတဲ့ သူ့မျက်ဝန်းတွေက အံ့သြမှုတွေ.. ထိတ်လန့်မှုတွေ.. ရွံရှာမှုတွေနဲ့..။

မျက်နှာကချွေးတွေကို ခိုးသုတ်ဖို့ လက်လှမ်းလိုက်ချိန်မှာပဲ သူကတော့ ကျနော့်ကို ကျောခိုင်းပြီး တလှုပ်လှုပ်နဲ့ အဝေးဆုံးကို ပြေးထွက်သွားပါပြီ..။ သူ.. ကျနော့်ကို လန့်များသွားတာလား..! ရှက်များသွားတာလား..! ဒါမှမဟုတ်..! ကျနော် ဘာဆက်လုပ်ရမလဲ..!

ကျနော် သက်ပြင်းချလိုက်ရင်ကောင်းမလား..! လေထဲမှာ လွင့်မြောနေသလို ခံစားနေရတယ်.. ပေါ့ပါးသွားပါပြီ.. ကျနော် ကျေနပ်သွားပါပြီ.. ရုတ်တရက် တံခါးကို တွန်းဖွင့်ပြီး လောကကြီးထဲ ပြေးဝင်လိုက်တာ တိုက်ခတ်နေတဲ့ လေအေးအေးတွေက ကျနော့်ကို ပွေ့ဖက် တစ်ကိုယ်လုံး အပူတွေ ထွက်တဲ့ အထိပါပဲ..။

ကျနော် ငိုရမလား..! ရယ်ရမလား..!
ကျောင်းအိမ်သာကြီးကတော့ ကျနော့်ကို ကြည့်ပြီး တဟားဟားနဲ့..
အိမ်သာထဲက မြေကြွက်ကြီးကတော့.....။

(ကိုရင်နော်)Bye

ဖွင့်ဟချက်။ ။ ဟိုး.. လွန်ခဲ့တဲ့ နှစ် (၂၀) ကလေးအရွယ်.. ရွာက ကျောင်းအိမ်သာထဲမှာ ကြုံတွေ့ခဲ့ရတဲ့ မြေကြွက်ကြီးနဲ့ ကျနော့်ရဲ့ သည်းထိတ်ရင်ဖို ဖြစ်ရပ်မှန်လေးပါ.. အဲ့ဒီတုန်းကတော့ ဒုက္ခပေါ့.. အခုပြန်တွေးကြည့်တော့လည်း ရယ်စရာ ညစ်တီးညစ်ပတ် ဟာသလေးပါ.. ဟီးး
ညီလေးဂျဲဂျယ်
ရေ.. ညီ Tag ထားတဲ့ တက်(ဂ်) ကြွေးလေးကို ဗွမ်း! ကနဲ စပ်လိုက်ပါတယ်နော်.. ဟီးးး :D

0 comments: