dream>> ဟာသဖြစ်လာတဲ့တစ်ခါကဒုက္ခ

Tuesday, March 3, 2009

တူတော်မောင် တားရေးဂျယ်လီက မက်မက်ကို တစ်ခါကဒုက္ခ အခုတော့ ဟာသ ဆိုတဲ့ ခေါင်းစဉ်နဲ့ တက်ဂ်ထားတာကို ရေးခိုင်းပါတယ်။ အင်း...ဂျယ်လီကျွေးပြီး လက်ထိုးတာလဲ မရပါလားနော်။ ဟင့်...လူဆိုး...။ရေးပေးဆိုတော့လည်း အရင်ကျောင်းသူ ဘ၀လေးက အဖြစ်လေးကို အမှတ်ရ သွားစေခဲ့ပါတယ်။ အမှတ်တရလေးကို ပြန်သတိရအောင် လုပ်ပေးတဲ့ တူတော်မောင် ဂျယ်လီရေ ကျေးဇူးပါ။

ပြောရမယ် ဆိုရင်တော့ မက်မက်တို့ ငယ်ငယ်တုန်း ကပေါ့လေ။ ချော်လဲမှာ အရမ်းကြောက်တတ်တဲ့ ကလေးတစ်ယောက် အိမ်က အဖေ,အစ်ကို,အစ်မတွေက ဘယ်လိုပဲ စက်ဘီးစီး သင်ပေး၊သင်ပေး ဘယ်လိုမှ မတတ်မြောက်ခဲ့ဘူး။ ဒီလိုနဲ့ ရက်တွေလတွေ အလီလီ ပြောင်းလဲခဲ့ပြီး တစ်ခုသော နွေရာသီ ကျောင်းပိတ်ရက်မှာ မွေးရပ်မြေဖြစ်တဲ့ မေမြို့မဟုတ်တဲ့ ပြင်ဦးလွင်မြို့ကို အလည်အပတ် သွားရောက် ခဲ့ပါတယ်။

သိတဲ့အတိုင်းပေါ့ သူများတွေ စက်ဘီလေးတွေနဲ့ လေညင်းခံ ထွက်တဲ့အခါ ကိုယ်ကမစီးတတ်တော့ မြင်းလှည်းလေးနဲ့ တူပျော်ပျော်ပေါ့...အဟား။ အဲဒါကို သိတဲ့ မက်မက်အစ်ကိုက စက်ဘီးစီး သင်ချင်လာတဲ့ မက်မက်ကို ပြင်ဦးလွင်မှာပဲ စက်ဘီးစီး ထပ်သင်ပေး ခဲ့ပါတယ်။ ဒါပေမဲ့ အသားနာမှာ ကြောက်တတ်တဲ့ မက်မက်တစ်ယောက် စက်ဘီးပေါ်က ခဏခဏ ပြုတ်ကျပေမဲ့ မစီးတတ်ခဲ့ဘူး။ ဟင့်... :( ဒါနဲ့ အစ်ကိုကလည်း စိတ်ပျက်တော့ ထပ်မသင် ပေးတော့ဘူး။ အဟီး...စီးချင်ရင် သူ့နောက်ကပဲ ထိုင်စီးခဲ့ ရတော့တာပေါ့ :)

အဲဒီကမှ တစ်ဆင့် မန္တလေး အိမ်မှာလည်း သွားနေခဲ့ ပါသေးတယ်။ သိတဲ့အတိုင်း ကိုယ်ကလည်း ကလေးမဟုတ်လား။ ကိုယ့်ပတ်ဝန်းကျင် အိမ်နားက ကလေးက အိမ်ကို အမြဲစက်ဘီးစီးပြီး ရောက်ရောက်လာတယ်။ ကိုယ်ကလည်း စက်ဘီးနဲ့ အပြင်ထွက် လည်ချင်ရင် အဲဒီကလေးကပဲ ကိုယ့်ကို တင်ခေါ်သွား ပေးရတာပေါ့နော့်။ သိတဲ့အတိုင်း စက်ဘီးမြို့တော်မှာ ကလေးက ကိုယ့်ကိုနောက်ခုံ ကနေပြန်တင် စီးသွားတော့ ကိုယ်ကလည်း ကလေးလောက်တောင် ငါအသုံး မကျပါလားလို့ ထင်ပြီး စက်ဘီးစီး ထပ်သင်ချင်တဲ့ စိတ်လေးပြန် ဖြစ်လာပါတယ်။

ဒါနဲ့ အဲဒီကလေးကိုပဲ စက်ဘီးစီး သင်ပေးဖို့ ပြောရတော့တာပေါ့။ ကဲ..စပါပြီ..ဆရာမ ပေါက်စလေးရဲ့ အစွမ်း။ ဟဲဟဲ...မမ စက်ဘီးစီး သင်ရင် အရင်ဆုံး ဂျောက်ဂျက်ကနေ သင်ရတယ် မမရ ဆိုပြီး မက်မက်ကို သင်ပေးခဲ့ပါတယ်။ အဲဒီမှာ ဆရာကောင်းတပည့် ပန်းကောင်းပန် ဆိုသလို တစ်နေ့ထဲနဲ့ စီးတတ်သွား ခဲ့တယ်လေ။

ကိုယ့်ကိုပညာ သင်ပေးရင် ဆရာဆိုတာ အသက်ကြီးသည် ငယ်သည် မဟုတ်နော်၊ ကိုယ့်ရဲ့ဆရာ ဖြစ်ထိုက်တယ်။ မမေ့အပ်ပါဘူး။ မက်မက်ကို စက်ဘီးစီး သင်ပေးတာ အသက်အားဖြင့် ၈နှစ်လောက်ပဲ ရှိတဲ့ကလေးပါ။ သူ့ကို ယနေ့အထိ မေ့မရပါဘူး။ အသက်ငယ်ငယ် ကလေးတစ်ယောက်က ကိုယ့်ကိုပြန် သင်ပေးတာပါ။ ယနေ့အထိ သူ့ကိုကျေးဇူး တင်နေပါတယ်။ ယနေ့အချိန်ထိ မန္တလေး ရောက်ရင်လည်း သူ့ကို ရှာပါတယ်။ ဒါပေမယ့် သူ့ကို မတွေ့တော့ပါဘူး။ အခုဆို သူလည်း တော်တော် အရွယ်ရောက် နေရောပေါ့။ :)

ဟီး..ဟီး..အဲဒီတုန်းကဆို အရမ်းပျော်တာ ပဲသိလား။ ငါစက်ဘီးစီး တတ်သွားပြီကွ ဆိုပြီးတော့….ဟားဟား။ ကဲ…နောက်နေ့က စပြီး စပြီပေါ့။ အိမ်ကို လုံးဝ မကပ်တော့ဘူး။ ဟို….မျောက်ပန်းသီး စားရသလိုမျိုးပေါ့၊(အုန်းသီး မကြိုက်လို့ :P) တစ်ချက်မှကို အငြိမ်ကို မနေတော့တာ။ တစ်နေကုန် မိုးလင်းထဲက အပြင်စက်ဘီးစီး ထွက်တော့တာပဲ။

မန္တလေးမြို့ ရဲ့နေဆိုတာ အင်မတန် ပူတာနော်။ ဒါကိုတောင် ဂရုမစိုက် အပြင်ထွက် လမ်းသလားနေတော့ ဟို သီချင်းထဲ ကလိုမျိုးပေါ့ ဆရာနန်းတော်ရှေ့ ဆရာတင် ရေးတာလေ...ဘာတဲ့...~~~ကြံကြံဖန်ဖန်~~~~ရန်ကုန်သူ~~~~မန္တလာဒွင်းတို့~~ရန်ကုန်~~~သူ ~~မန္တလေး သွားလို့ အသားမည်း ပြန်သတဲ့သူ~~~အဲလိုကို ဖြစ်သွားတာ။ ဟိ...ဟိ.. ဒီလိုနဲ့ ကျောင်းဖွင့်ရက် ရန်ကုန်ကို ပြန်ရပါပြီ....


ရန်ကုန်ရောက်တော့ အိမ်ကလူကြီးတွေက စက်ဘီးထွက် စီးမယ်ဆိုရင် လုံးဝကိုမကြိုက် ၊ စိတ်လည်းမချ။ ကားတွေ တ၀ှီဝှီနဲ့ဆိုတော့ ထွက်မစီးနဲ့ ဘာနဲ့ ညာနဲ့ပေါ့။ သွားချင်ရင် လမ်းလျှောက်သွားတဲ့၊ ဒါမှ မဟုတ်ရင် ဆိုက်ကားစီးသွားတဲ့။ ဟင့်.. :( အစ်ကိုတွေ စီးမှ သူတို့နောက်က လိုက်စီးတဲ့။ ဟင့်..ဟင့်….အဲ့လိုမျိုးကို ချုပ်ချုယ်တာလေ။ သိတဲ့အတိုင်းဘဲ စီးချင်ရင်တော့ အစ်ကိုတွေနဲ့ လိုက်သွားတယ် ပြီးရင်သူတို့စီက စက်ဘီးကို ယူပြီးလစ် တော့တာပဲ။

သူတို့ကလည်း လက္ဖက်ရည် ဆိုင်ထိုင်။ စော်ငေးပေါ့...ဟီး… :P ။ ကိုယ်ကလည်း အလယ်တန်း ကျောင်းသူ ဒီလိုလုပ်လို့ ဘယ်ရမလဲနော့်၊ ပျင်းသေးတယ် ပျင်းသေးတယ်...ဟေ့...ပျင်းတောင်ပျင်းသေးတယ်...ဟဲဟဲ...လူကြီးတွေ အရှေ့မှာတော့ မစီးဘူးပေါ့။ သိတယ်မလား၊ ဟဲဟဲ...သယ်ရင်းတွေ ရှိတယ်လေနော်။ သူတို့စက်ဘီးကို စီးတာပေါ့နော့်။

စက်ဘီးစီး တတ်သွားတော့ လမ်းလျှောက်ရမှာကို တော်တော်ဝန် လေးတာလေ။ လမ်းထိပ်နဲ့ လမ်းထဲတောင် လမ်းမလျှောက်သွား ချင်တော့ဘူး။ နေရာတကာ စက်ဘီးလေးနဲ့ပဲ လွင့်ချင်တော့တာ။ အိမ်က လူကြီးတွေက ကိုယ့်ကိုနဲနဲ ခိုင်းလိုက်ရင် စက်ဘီးနဲ့ဆို သွားပေးမယ်။ မဟုတ်ရင် မသွားဘူး ဆိုတော့ နဂိုထဲက စိတ်မချတတ်တဲ့ လူကြီးတွေက လုံးဝကို မခိုင်းတော့ဘူး....ဟီး..ဟီး..အေးရောပဲ.. : P

လူကြီးတွေ ရှေ့မှာတော့ အစ်ကိုတွေနဲ့ အိမ်ကနေ ထွက်သွားတယ်။ ပြီးရင် သူတို့ဆီက Pheasant ဘီးကိုယူပြီး ပေ၁၀၀ လမ်းမပေါ် ကိုယ်တစ်ယောက်ထဲ အစီးကျင့် တော့တာပေါ့။ ဒီလိုနဲ့ တစ်နေ့ ဇာတ်လမ်းက စပါပြီ စာမေးပွဲနား နီးလို့ ကျူရှင်ကနေ အချိန်ပို ခေါ်သင်တဲ့နေ့ မနက်ပိုင်းကပေါ့ အတန်းပြီးလို့ သယ်ရင်းတွေ နဲ့အိမ်ကို လမ်းလျှောက်ပြီး အပြန်မှာ မက်မက်ရဲ့ အစ်ကိုနဲ့ သူငယ်ချင်း တစ်စုကို ကောင်စီရုံး ဘေးမှာ ဖွင့်ထားတဲ့ လက္ဖက်ရည်ဆိုင်မှာ တွေ့လိုက်တယ်။ သူတို့ဘေးမှာလဲ စက်ဘီးတစ်စီး ကိုတွေ့တော့ ပျော်သွားတယ်လေ။ အဲဒီမှာ အစ်ကိုဆီကို သွားပြီး သူ့သူငယ်ချင်းဆီက စက်ဘီးကို ယူနင်းတော့တာပေါ့။

ဘီးလေးက သုံးလေးချက်ပဲ နင်းရသေးတယ် ပြသနာက စပြီ။ Pheasantဘီးပဲ စီးတတ်ခါစပဲ ရှိသေးတဲ့ မက်မက်တစ်ယောက် အစ်ကိုသူငယ်ချင်းရဲ့ Mountain Bikes ကိုမစီးတတ်ဘူးဗျ။ စက်ဘီးပေါ် တတ်ပြီး နှစ်ချက်၊ သုံးချက်ပဲ နင်းရသေးတယ် ဟန်ချက်မညီ စက်ဘီးကို မထိန်းနိုင်တော့ Handelက လည်ထွက်သွားပြီး အောက်ကိုပြုတ်ကျ သွားပါတယ်။ ပြုတ်ကျတာကလည်း အကျကောင်းလေ သိလား။

အဲဒီ ကောင်စီရုံး အရှေ့နားမှာ ကြက်သားတို့ ကြက်ခြေထောက်တို့ တုတ်ထိုးလုပ် ရောင်းနေတဲ့ ဗိုက်ကြီးသည် အဒေါ်ကြီးဆိုင်ကို ၀င်တိုက်တာပါ။ အဲဒီမှာ သူ့ဆိုင်ကို လာပြီး အားရပါးရ လာထိုင်စားနေတဲ့ သူကလည်း ဗိုက်ကြီးသည်ပါပဲ။ အဲ...နောက်ပြီး သူတို့ဘေးမှာ ၅နှစ် အရွယ် ၆နှစ်အရွယ် ကလေး နှစ်ယောက်လောက်ရှိမယ်။ ဆိုင်ရှင်အဒေါ်ကြီးရဲ့ ယောက်ျားကတော့ အနောက်ဘက်မှာပါ။

စက်ဘီးပေါ် ပြုတ်ကျတာကလည်း အဆန်းသား။ ရှေ့ဘီးက ဆိုင်ရှင်ဗိုက်ကြီးသည် အပေါ်မှာ ရောက်သွားတယ်။ စက်ဘီးနောက်ဘီးက သူရောင်းနေတဲ့ တုတ်ထိုးဗန်းကို လမ်းမပေါ် တစ်စစီ ဖြန့်ချလိုက်တယ်။ အဲ..မက်မက်ကတော့ စားသုံးသူ ဗိုက်ကြီးသည်ရဲ့ ပေါင်ပေါ်မှာ ထိုင်ရက်လေးနဲ့….အဟီး….လက်ကလည်း သူ့ဗိုက်ကို ထောက်မိထားသလို ဖြစ်သွားတယ်။ ကိုယ်ကပဲ ကံကောင်းတာလား ၊ သူတို့ကပဲ ကံဆိုးတာလားတော့ မသိဘူးလေနော်။ ဟတ်ဟတ် ... :P

လူအားလုံးကလည်း ကြောင်ကုန်တာပေါ့။ မထင်ထားတဲ့ ဖြစ်ရပ်လေးလေ။ အဲဒီမှာ လက္ဖက်ရည် ဆိုင်ထဲက အစ်ကိုနဲ့ သူငယ်ချင်းတွေ အကုန်ထွက် လာကြတယ်။ ဗိုက်ကြီးသည် အဒေါ်ကိုလည်း မှောက်သွားတဲ့ ကြက်သားတုတ်ထိုး တွေကိုလည်း ပြန်လျှော်ပေးပါ့မယ် ဆိုပြီးတော့ တောင်းပန်တာပေါ့၊ ပိုင်ရှင်အဒေါ်ကြီးနဲ့ သူ့ယျောင်္ားကတော့ ရတယ် ရတယ် မလျှော်နဲ့ ဘာမှမဖြစ်ဘူး ကိစ္စမရှိဘူးဆိုပြီး ကျောင်းသားတွေကို သနားတာပေါ့။ ကိုယ်ကလည်း တမင်လုပ်တာမှ မဟုတ်တာနော်။ အက်စီးဒင့် ဖြစ်သွားတာပါ။

အဲ....အဲဒီမှာဗျာ အပေါက်ဆိုးဆိုးနဲ့ ထိုင်စားနေတဲ့ ဗိုက်ကြီးသည်က လျှော်ရင်လည်း နဲနဲနဲ့ ပေးလို့ မရဘူး။ အထဲက ကလေး တစ်ခုခု ဖြစ်သွားရင် နင်တို့တော့ မလွယ်ဘူး ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ ရန်လုပ်တာကို ခံရတာပေါ့။ ကိုယ်တွေကလည်း သူမပြောလဲ သိတတ်ပါတယ်။လျှော်ပေးမှာ ပါပဲနော်။ ကိုယ့်ကို အပြစ်မယူဘဲ အားပြန်နာနေတဲ့ အဒေါ်ကြီးကို ကိုယ်ကလည်း သနားတော့ အဲဒီအချိန် ခေတ်တုန်းက ငွေ၅၀၀၀ ပေးခဲ့လိုက်ပါတယ်။ အစ်ကိုက ပိုက်ဆံ ပေးအပြီးမှာ မရဲတရဲနဲ့ မက်မက်တစ်ယောက်ထဲ အိမ်ကို ပြန်လာခဲ့ ရတာပေါ့။

စိတ်ထဲမှာတော့ အိမ်ကသိ သွားမှာကို လုံးဝကို လန့်နေတာ ။အစ်ကိုက အိမ်ကိုပြန်တိုင်ရင် မက်မက်ပဲ အရိုက်ခံ ရမှာလေ။ ပြီးတော့ ပတ်ဝန်းကျင်က လူတွေကလည်း မက်မက်စက်ဘီးမှောက်တာ မြင်တဲ့သူ ကြားတဲ့သူ ရှိတယ်လေ။ ကိုယ်ကအိမ်ကို မရောက်သေးဘူး ကိုယ့်သတင်းက ပေါက်ကြားပြီး အိမ်ကိုရောက်နေမှာ စိုးရိမ်ရတာပေါ့။ သူတို့သာ သိရင် အဆူခံ အရိုက်ခံ ရမှာလေ။ ဇောချွေးတွေကလည်း ပြန်နေပြီ။ တိုက်မိတာက သာမာန်လူတွေကို မဟုတ်ဘူး။ အဟီး..... ဗိုက်ကြီးသည် နှစ်ယောက်ကိုမှ တိုက်မိတာ။

အဲ.....ဒါကြောင့် အရိုက်ခံ အဆူခံ ရတော့မယ်ဆိုရင် ငယ်ငယ်ဘ၀ ကျောင်းသူ/ကျောင်းသား ကလေးလေးတွေရဲ့ အကျင့်အတိုင်း မြက်ပင်ကိုနှုတ် လက်ထဲမှာ ဆောင်ထားရင် အရိုက်ခံရတာ လွတ်တယ်လို့ ဘယ်စာဆိုထဲက မှန်းမသိတဲ့ အကျင့်အတိုင်း လုပ်သွားပြီး အိမ်ကိုပြန်ပါတယ်။ ဟီး.....ကံကောင်းချင်တော့ အိမ်ကို မန္တလေးက ဘုန်းကြီးကြွ နေတာနဲ့ တိုးတော့တာပေါ့။လူကြီးတွေလည်း ဘုန်းကြီးကို ဧည့်ခံနေရတော့ မက်မက်ကို လုံးဝမေ့ သွားသလို ဖြစ်နေတာ။နောက်တော့ ပြသနာက အေးသွားတော့ သူတို့လည်း ကိုယ့်ကို ဘယ်ဆူလို့ ကောင်းတော့မှာလဲနော်...အဟီး.... :)

ကဲ….ဗျာ….အဖြစ်လေးကတော့ အဲဒါပါပဲ။ ကလေးအတွေးနဲ့ ကျောင်းသား ကျောင်းသူတို့ရဲ့ ထုံးစံအတိုင်း မြက်ပင်ကိုဆောင်လို့ပဲ အရိုက်ခံ အဆူခံ ရခြင်းက လွတ်တာလား? ဒါမှမဟုတ် အိမ်ကို ဘုန်းကြီးဧည့်သည် ကြွနေတာကြောင့် လွတ်တာလား? ဒါတွေကို ပြန်ပြောင်းစဉ်းစားမိတော့ တစ်ချိန်က ဇောချွေးပြန်ပြီး ကြောက်ခဲ့ရတဲ့ ဒုက္ခက အခုတော့ ရယ်စရာ ဟာသအမှတ်တရ အဖြစ်လေးပေါ့လေ။

ကဲ... အခုလို အစအဆုံး ဖြစ်ပေးတာ ကျေးဇူးတင်ပါတယ်။ ကိုယ့်ရဲ့ အဖြစ်မှန်လေး တွေကိုလည်း ဟာသအဖြစ် ပြန်လည် တင်ဆက်ခွင့် ပေးလိုက်တဲ့ တူတော်မောင် ဂျယ်လီကိုလည်း ကျေးဇူးတင်ပါတယ်။ ကဲ…. တားတားရေး ဂျယ်လီရေ ဒီတက်ဂ်ပို့စ် ကိုဂျယ်လီလေး စားရင်း ကျေနပ်တော့နော့်။

0 comments: