Dream>> တစ်ဦးမေတ္တာ တစ်ဦးမှာ

Friday, April 3, 2009

ဆောင်းဥတုရဲ့ ညနေခင်း တစ်ခုမှာ အမည်မသိ အမျိုးသမီးတစ်ဦး အထုတ်ကလေး တစ်ထုတ်ပိုက်ပြီး ကျွန်မဆီ ကိုတည့်တည့် လျှောက်လာ နေသည်။ ကျွန်မကကို တွေ့တော့ အမျိုးသမီးက ၀မ်းသာအားရနဲ့

“ညီမလေး...အစ်မကို တစ်ခုလောက် ကူညီပါလားဟင်၊ အစ်မသမီးလေးကို ညီမလေးဆီမှာ စောင့်ရှောက် ထားပေးပါလား၊ အစ်မှာ ကလေးတွေက များတော့ သူတို့ကို တစ်ယောက်ချင်း စောင့်ရှောက် ပေးဖို့က အဆင်မပြေလို့ပါ ညီမလေးရယ်။ ညီမလေးက ကလေးချစ် တတ်တော့ အကူအညီ တောင်းကြည့်တာပါ။ အားလည်း နာတယ်ညီမလေးရယ်၊ကူညီပေးပါနော်။"အော်.. ဟုတ်ကဲ့၊ ရပါတယ်အစ်မရဲ့။"

အမျိုးသမီးမှ ပြောပြောဆိုဆို အထုတ် ကလေးအား ကျွန်မကို ပေးလေသည်။ ကျွန်မကြည့် လိုက်တော့အို ...၀၀ကစ်ကစ်နဲ့ ချစ်စရာ ကောင်းတဲ့ ကလေးလေးပါလား။ ကလေး ချစ်တတ်တဲ့ ကျွန်မသူ့ကို မြင်မြင်ချင်း ချစ်မိသွားတယ်လေ။ ဒါကြောင့် အဲဒီအမျိုးသမီးကို ကတိပေးလိုက်လေသည်။

“စိတ်ချအစ်မ။ ဒီသမီးလေးကို သေသေချာချာ စောင့်ရှောက်ပါ့မယ်”

“၀မ်းသာလိုက်တာ ညီမလေးရယ်။ အစ်မလည်း မကြာမကြာ ညီမလေး ဆီကိုလာ လည်ပါ့မယ်။”

“ညီမလည်း သမီးလေးကို မြင်မြင်ချင်း ချစ်မိသွားလို့ပါ။ ဘာမှ စိတ်မပူ နဲ့နော်အစ်မ၊ သူ့ကို သမီလေး တစ်ယောက်လို သေသေချာချာ စောင့်ရှောက်မှာပါ။”

ဒီလိုနဲ့ သူမဘ၀ရဲ့ တစ်စိတ်တစ်ဒေသကို ဒီသမီးလေးက နေရာ ယူလာလေသည်။ သမီးလေး ကြောင့်လည်း သူမဘ၀ ပိုစိုပြေလာ ခဲ့တယ်လေ။ သူမရဲ့ မိသားစုကတော့ ကန့်ကွက်တာပေါ့။ ဒါပေမယ့် အားလုံးနဲ့ အတိုက်အခံ လုပ်ပြီး သမီးလေးကို မွေးစားလိုက်လေသည်။ သမီးလေးကိုလည်း မေစီရတနာ လို့နာမည် ပေးထားလိုက်သည်။ မေစီလေးဟာ သူမရဲ့ အချိန်တွေ အားလုံးကို အပိုင် သိမ်းထားလေသည်။မေစီလေးကြောင့် သူမအထီးကျန် ဆန်ခြင်းမှ ကင်းဝေးသွားလေသည်။ မေစီလေးကလည်း သူမကို တော်တော်ခင်တွယ်သည်။ သူမကလည်း သမီးလေး မေစီမှ မေစီ ဖြစ်နေခဲ့သည်။

တစ်နေ့တစ်နေ့ ဒီကလေး နဲ့ပဲ အချိန်ကုန် နေတော့ သူမမိသားစုရဲ့ ငြိုငြင်ခြင်းနဲ့ ပတ်ဝန်းကျင်ရဲ့ ဝေဖန်ခြင်းကို သူမခံရလေသည်။ သူမကို ကလေးရူးလေး ရူးနေတာတဲ့။ပတ်ဝန်းကျင်က ဘယ်လို ဝေဖန် နေပါစေ။ သူမဂရုမစိုက်ခဲ့။ နှလုံးသားထဲက စီးဆင်းလာတဲ့ မေတ္တာတွေကို သူတို့မှ မသိတာ ပဲလေ၊သူတို့မှာ ချစ်တတ်တဲ့ နှလုံးသားမှ မရှိတာပဲလေ။ဒါကိုသူမနားလည်ပေးရတာပေါ့။

သမီးလေး မေစီကလည်း ကျွန်မကို ချစ်၊ ကျွန်မကလည်း သမီးလေးကို ချစ်ဆိုတော့ လူတွေရဲ့ မနာလိုမှုကို ခံရတယ်လေ။ သမီးလေးက အင်မတန် သိတတ်၊အလိုက် အထိုက် ကလည်း သိဆိုတော့ ကျွန်မအသဲ တုန်ရတာပေါ့ရှင်။

သမီးကလည်း အိပ်ရင် ကျွန်မနဲ့ပဲ အိပ်တာလေ။ မနက်ဆိုရင် ကျွန်မအလုပ် သွားဖို့ သမီးလေးက အမြဲနိုးပေးရတယ်။ကျွန်မကလည်း သမီးလေးနိုးမှ အိပ်ရာက ထတာလေ။ တစ်ခါတစ်ခါ နိုးနေပေမယ့် သမီးလေးကို စချင်နောက်ချင်နေတော့ အိပ်ရာမထသေးပဲ သမီးလေး အနိုးကို စောင့်နေတာ။အချိန်တန်ပြီ ဆိုရင် သမီးလေးလာ နိုးပါပြီ၊ သူမအိပ်ရာက မထမချင်းကို နိုးနေတော့တာ။ အသံကုန် အော်ပြီး နှောင့်ယှက် တော့တာပဲ။ ချစ်စရာ အလွန်ကောင်းပြီး အပြစ်ကင်းတဲ့ သမီးလေးကြောင့် သူမအိပ်ရာကထရပါပြီ။

အလုပ် သွားဖို့ ပြင်ဆင်တော့လည်း ကျွန်မအနားမှာ ထိုင်စောင့် နေတာလေ။ ပြီးရင် အိမ်ပေါက်ဝ ရောက်တဲ့ အထိ လိုက်ပို့ပေး ပြီးတာနဲ့ ကလေးသဘာဝ သူ့ဟာသူ ဆော့နေတော့ တာပေါ့။ အလုပ်က ပြန်လာခါ နီးပြီဆိုရင်လည်း အိပ်ပေါက်ဝမှာ ထိုင်စောင့်နေပြီး ကျွန်မကို တွေ့တာနဲ့ ပြေးလွှား ခုန်ပေါက်ပြီး ရင်ခွင်ထဲကို တိုးဝင်လို့ ချွဲနွဲ့နေတော့တာပေါ့။

ကျွန်မ အလုပ်မသွားခင် ဆိုရင် သမီးလေးကို မေမေတို့နဲ့ အပ်ထားရတာလေ။ ကျွန်မမရှိရင် မေမေတို့ စကားကို သမီးလေး မေစီ နားထောင် ရတာပေါ့။ အမေက စည်းကမ်း အရမ်းရှိတာ။ သူဆိုးလို့ မရဘူးလေ၊ သူ့အတွက် ဒုတ်တောင်မှ သီးသန့် ထားတာလေ၊ကျွန်မမရှိရင် သမီးလေး မေစီက မီးကို သေနေတာပဲ။ ကျွန်မပြန်လာ ပြီဆိုရင်တော့ ဆိုးတော့တာပဲ၊သူက ဘယ်သူ့ကိုမှ လူလို့မထင်တော့ဘူး၊

ကျွန်မကလည်း ပြန်လာရင် သမီးလေးကို တစ်ခုချင်း မေးတယ်၊ မာမီ့သမီးလေး ကိုဘယ်သူက အနိုင်ကျင့်လည်းပေါ့။ ကျွန်မမေး သမျှကိုလည်းသူကပြန်ဖြေပြီးကျွန်မကို ပြန်တိုင်တာပေါ့။ အဲလို အရွယ်နဲ့ မလိုက်အောင် သိတတ်လွန်းတော့လည်း ရှိသမျှ အချစ်တွေကို စုပုံခဲ့ ရတာလေ။ ကျွန်မရဲ့ အစ်မက ဆိုရင် ဟဲ့.. နင့်သမီး ကလေ နင်မရှိရင် ငါတို့ စကားတစ်ခွန်း ထဲပဲသိလား၊ မီးကို သေနေတာပဲ ၊နင်ရှိရင် အဲဒီကလေး အရမ်း လူပါးဝတယ်။ အမြင်ကတ်ဖို့ ကောင်းတယ် ဆိုပြီး အမြဲပြောတယ်လေ။

ကျွန်မသမီးမေစီ ကလည်း သူတို့ပြော သလိုမျိုးပါပဲ၊ ကျွန်မပြန်လာရင် နင်းပေးရတာနဲ့၊ နှိပ်ပေးရတာနဲ့၊ သူတို့ မနာလို ချင်စရာလည်း ကောင်းနေတာကိုး။ အင်မတန် ချွဲတတ်တာလေ၊

ကျွန်မကလေ အလုပ်မှာ ဘယ်လောက်ပဲ ပင်ပန်းပင်ပန်း၊ ဘယ်လောက်ပဲ STRESS များများ အိပ်ပြန် ရောက်လို့ သမီးလေးရဲ့ မျက်နှာများ မြင်လိုက်ရရင် ကိုအိုအေစစ် ကမ္ဘာထဲ ရောက်သွားသလိုပဲ၊ ရှိသမျှ အမောတွေ ပြေသွားတာ၊ ကျွန်မ ရှာသမျှ ကျွန်မမိဘနဲ့ ကျွန်မရဲ့ ချစ်စရာ ကောင်းတဲ့ သမီးလေး မေစီအတွက်ပဲလေ။ သမီးလေးရဲ့ အရွယ်နဲ့ မလိုက်အောင် သိတတ်မှုနဲ့၊ ချစ်စရာ အပြုအမူ တွေကြောင့် မိသားစုတွေရဲ့ အရေးပေးမှု့ ကိုရရှိ နေပြီလေ။အခုဆိုရင်ကျွန်မ မိသားစုကလည်း သမီးလေးမှသမီးလေးဖြစ်နေပြီ။

ဒီလိုနဲ့ ကျွန်မ သမီးလေး အရွယ်ရောက်လို့ ကြီးပြင်းခဲ့ပါပြီ၊ ကျွန်မသမီးလေးက ချစ်စရာ ကောင်းတော့ ဘေးမှာ လိုချင်သူ ကာလသားတွေက ၀ိုင်းဝိုင်းလည်နေတာပေါ့၊ ဒီလို သမီးချောလေးကို ပိုင်ဆိုင်ထားတဲ့ ကျွန်မ အရင်က ထက်ပိုလို့တောင် သမီးလေးကို စိတ်မချဖြစ်ရတာပေါ့။

တစ်နေ့တော့ ကျွန်မ သမီးလေး အစာမစား၊ တစ်မှိုင်မှိုင် တစ်တွေတွေ ဖြစ်နေတော့ အမြဲတမ်း အရိပ်လို လိုက်ကြည့်နေတဲ့ ကျွန်မ ရင်မှာ သောကမီးတွေ လောင်ရပါပြီ၊ ကံကြမ္မာ မုန်တိုင်းထန် လာလိမ့်မယ်လို့ ဘယ်သူတွေများ ထင်မိမှာလဲ၊ သမီးလေး နေမကောင်းတော့ ဆရာဝန်နဲ့ ပြနေရတယ်လေ။ ဆေးခန်းကို နေ့တိုင်းသွား နေရပေမယ့် သမီးလေး မသက်သာဘူး၊ ဒါနဲ့ အထူးကု ဆရာဝန် ဆီမှာ သွားပြတော့ သမီးလေးမှာ ကိုယ်ဝန်ရှိ နေပြီတဲ့။ အဲဒါ ကိုယ်ဝန်ပျက်ကျပြီး ဗိုက်ထဲမှာ ကလေးသေ နေတယ်တဲ့။ ဆရာဝန်မကြီးက သမီးလေးကို ခွဲစိပ်ရမယ်၊ ဒါပေမယ့် သမီးလေးမှာ နှလုံးက အရမ်းအားနည်း နေတော့ ချက်ချင်း ခွဲစိပ်လို့မရဘူး၊ အသက် အန္တာရယ် ကလည်း စိုးရိမ်နေရတော့ အချိန်စောင့် ရဦးမယ်တယ်တဲ့။ ဒါကြောင့် သမီးလေးကို ဆေးထိုးပြီး အားမွေး နေရတယ်လေ။ မိသားစုဝင် တွေကလည်း အင်္ဂုလိမာလသုတ် ရွတ်ပေးတဲ့ လူနဲ့ ပရိတ်ရည် တိုက်တဲ့သူနဲ့ သမီးအတွက် စိုးရိမ်နေရပြီလေ။

ဒီလိုနဲ့ ခွဲစိပ်ရမယ့်နေ့ကို ရောက်ရှိလာပါတယ်။ သမီးလေးကို ခွဲစိပ်ခန်းထဲ ခေါ်သွားပါတယ်။ သမီးလေးကလေ ကျွန်မရှိနေတော့ ကျွန်မကို ချွဲလိုက်တာမှ တကယ့် ကလေးငယ်လေး တစ်ယောက်အတိုင်းပါပဲ။ လူနာကိုယ်တိုင်ကိုလည်း ခွဲစိပ်တာ ပေးမမြင်ချင်တော့ လူနာကို ကန့်လန့်ကာ အစိမ်းရောင်လေးကို ကာပေးထားတယ်လေ။ အခန်းထဲမှာ ခွဲစိပ်ခန်း ၀တ်စုံလေးနဲ့ သမီးလေး မေ့ဆေးကြောင့် မေ့နေပါပြီ။ အပြင်ကနေတော့ လူနာရှင်တွေက အဂုင်္လိမာလသုတ် ကိုရွတ်ပေးကြပါတယ်။ သမီးလေးကို အောင်မြင်စွာ ခွဲစိပ်နိုင်အောင် ဆုတောင်းနေ ကြတာပေါ့။ ဒီလိုနဲ့ ၁နာရီ ကျော်ကျော်လောက်မှာ သမီးလေးကို အောင်မြင်စွာနဲ့ ခွဲစိပ်နိုင်ခဲ့ပြီး ခွဲစိပ်ခန်းထဲကနေ ဆရာဝန်ကြီးက သမီးလေးကို ခေါ်ထုတ်လာပါတယ်။

သတိမေ့ နေသေးတဲ့ သမီးလေးကို ဆေးရုံမှာ မထားပဲ အိမ်ကိုပဲ တန်းခေါ် လာခဲ့ကြတယ်။ အိမ်မှာတော့ ဆရာဝန်ကြီးရဲ့ မှာကြားချက်နဲ့ ကြပ်ကြပ်မတ်မတ်နဲ့ ဂရုတစိုက် ပြုစုခဲ့ကြတယ်။ ဆရာဝန်နဲ့ လည်းတစ်ပတ်ကို ၃ကြိမ် ထပ်ထပ် သွားပြရသေးတယ်။ ချုပ်ရိုးဖြည်တော့လည်း ချုပ်သားတွေက သူများတွေနဲ့ လုံးဝမတူပဲ အရမ်းလှလို့ ဆရာဝန်ကတောင် ချီးကျူးရတယ်လေ။ အဲလိုနဲ့ ဆရာဝန်ကြီး မိသားစုတွေရဲ့ အချစ်တော် သမီးလေး ဖြစ်လာရ ပြန်တယ်လေ။ ဆရာဝန်ကြီး ကလည်း သမီးလေး မေစီမှ မေစီဖြစ်နေတာ။

ကြည့်စမ်းပါဦး။ ချစ်စရာ အရမ်းကောင်း၊ ချောလည်းချော၊ လှလည်းလှ၊ အရာရာကို သိတတ် နားလည်လွန်းတော့လည်း လူတွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစား နေတာလေ။ ဒီလိုနဲ့ သမီးလေးလည်း ကျန်းမာရေး ပြန်လည် ကောင်းမွန်ပြီး မိသားစုတွေနဲ့ ပတ်ဝန်းကျင်ရဲ့ ချစ်ခင်မှုတွေရဲ့ အောက်မှာ ပျော်ရွှင်စွာနဲ့ သူဘ၀ကို ယခုအချိန်ထိ ဖြတ်သန်း နေပါတယ်။


အခုပြောချင်တာက မေတ္တာ ရောင်ပြန်ဟပ်မှု ကိုပြောချင်တာပါ။ တစ်ဦးမေတ္တာတစ်ဦးမှာ ရောင်ပြန် ဟပ်တယ်ဆိုတာ လူသားတွေမှာမှ မဟုတ်ပါဘူး၊ မည်သည့် သတ္တ၀ါမဆို ဖြစ်ပေါ်တယ် ဆိုတာပါ ။သမီးလေးမေစီဟာ သေးငယ်တဲ့ တိရစ္ဆာန် ကြောင်မလေးပင် ဖြစ်လင့်ကစား သူ့ကို တိရစ္ဆာာန် အရာမှာ မထားပဲ လူသားတစ်ဦး အသွင်ပြုမူ ဆက်ဆံတဲ့ အတွက် မေတ္တာ ရောင်ပြန် ဟပ်တာကို ပြောချင်တာပါ။

မက်မက်ရဲ့ အဖေက အသက်အရွယ် အိုမင်းမှုကြောင့် လမ်းမလျှောက် နိုင်ပါဘူး၊ ခြေလေးချောင်း ထောက်တန်နဲ့ သွားရတာလေ။ အမြဲတမ်း လူအကူ ဘေးမှာရှိရတယ်။ တနေ့တော့ အဖေနဲ့ မိသားစုဝင်တွေ သတိမမူမိကြတဲ့ အချိန်မှာ မြွေတစ်ကောင် ဘယ်ကနေ ၀င်လာမှန်း မသိပဲ အဖေ့ကုတင်နားကို ရောက်လာပါတယ်။ အဖေကလည်း မြွေကိုမတွေ့ပါဘူး။ ဒါကိုသမီးလေး မေစီ တစ်ယောက်ပဲ မြင်တယ်လေ။ အဲဒီအချိန်မှာ အဖေ့အနားမှာ အိမ်သားတွေ ဘယ်သူမှ မရှိဘူး။ အဲဒီမှာ သတ္တိခဲမလေး မေစီက အဖေ့အသက်ကို သူ့အသက်နဲ့ လဲပြီး ကာကွယ် ပေးပါတယ်။ မြွေကိုခဲ ထားပြီး မြွေနဲ့ ရန်ဖြစ်နေတာပေါ့။ အသံကြားတော့မှအဖေက အိမ်သားတွေကို အော်ခေါ်တော့ အားလုံးက ထိတ်ထိတ်ပြာပြာနဲ့ ပြေးလာကြပြီး မြွေကိုေ ခြာက်လွတ်ပြီး သမီးလေး မေစီလေးကို လည်းဆွဲထား ရတာပေါ့။ တကယ်ဆို အဖေ မမြင်တဲ့မြွေ၊ အိမ်သားတွေ သတိမမူ မိတဲ့မြွေ အဖေ့အနားမှာ လူရှိမနေ တဲ့အချိန်၊ သမီးလေး မေစီသာ အနားမှာ မရှိခဲ့လျှင်.....??????

ဒီပို့စ်လေး နဲ့အတူ အင်မတန် ချစ်စရာ ကောင်းပြီး အရမ်းချောလှတဲ့ ကြောင်မလေး မေစီရတနာ လေးကိုဂုဏ်ပြုပါတယ်။ မေစီရတနာလေးကို ချွေးမတော် ချင်ရင်ပြောနော်၊ဟီးဟီး.. :P :P

0 comments: