Dream>>၀ါသနာ

Tuesday, June 16, 2009

ဝါသနာအကြောင်း ပြောရမယ် ဆိုရင်တော့ ငယ်ငယ်တုန်းကတော့ ဘာမှသေသေ ချာချာ မရှိဘဲ အားလုံးက စိတ်အလိုလိုက်ပြီး ယောင်ဝါးဝါးပါပဲ။စာအုပ်စာပေတွေ ဖတ်တာအပြင် ကလေးဘ၀မှာ အကအခုန် ၀ါသနာပါတယ်။ သီချင်းဆိုတာ ၀ါသနာပါတယ်။ နေ့ခင်းဘက် အိမ်မှာနေ တဲ့အခါ မိသားစုက နေပူထဲ အပြင်ပေးမထွက် မဆော့ခိုင်းတော့ သူငယ်ချင်းတွေကို အိမ်ကိုခေါ်ဆော့တယ်။ ဆော့တော့လဲ ကတိုင်းခုန်တိုင်းပဲ။ ညပိုင်းရောက်တဲ့ အခါမှာလဲ သိတဲ့အတိုင်း ကလေးသဘာဝ ကလေးတွေ စုဝေးပြီး ညအခါ လသာသာမှာ ကိုယ်စီကိုယ်စီ အုပ်စုလေး တွေဖွဲ့ပြီး နှစ်သက်ရာ ကစားကြတယ်။ ဆော့ပြီးမောရင် အခင်းလေးတွေ ခင်းပြီးအလှည့်ကျ ကကြ၊ ဆိုကြပါတယ်။အဲလိုအဆို၊ အက၊ အခုန် ၀ါသနာ ပါတော့ မိသားစု တွေက အက မင်းသမီးများ ဖြစ်သွားမလား လို့တောင်ထင်ခဲ့တယ်။ အခုအသက် ကြီးလာတော့ ကတယ်ဆိုတာ ကိုယ်နဲ့မဆိုင် သလိုပါပဲ အရမ်းကို တည်ငြိမ်ရင့် ကျက်သွားတယ်....အဟီးး....ကဖို့မပြောနဲ့ တွန့်တောင်မတွန့် ရဲတော့ဘူး။ :P

ကျောင်းတတ်လို့ အတန်းကြီးလာတော့ ရုပ်ရှင်ဗွီဒီယို ကားတွေတအား ကြည့်ခဲ့တယ်။ တနေ့ကို ဗွီဒီယိုခွေ ငါးခွေခြောက်ခွေလောက်ကို မထတမ်း ကြည့်ခဲ့တာ။ ရုပ်ရှင်ရုံမှာလဲ တစ်ပတ်တခါ ကားသစ်လဲတိုင်း မပြတ်တမ်း သွားကြည့်နေကျ။ အဲဒီမှာ ရုပ်ရှင်မင်းသမီး တွေလို အိုင်တင် အမျိုးမျိုးနဲ့ စိတ်ကူးတွေ ယဉ်လိုက်သေးတယ်။ မသိရင် ကိုယ့်ကိုကိုယ် ရုပ်ရှင်မင်းသမီး ကြနေတာပဲ...အဟဲ....အဲဒီမှာ မင်းသမီးလုပ်ဖို့ကို ၀ါသနာ ပါသွားတာ။ အဲဒီအချိန် တုန်းကဆို မို့မို့မြင့်အောင်ခေတ်လေ။

မက်မက်က မို့မို့မြင့်အောင်ဆို အရမ်းကြိုက်တာ။ သူ့မကောင်းကြောင်း ပြောရင်ကို မကြိုက်ဘူး။ အဲလိုမကြိုက် မှန်းသိတော့ ကိုယ့်အကြောင်း သိတဲ့ သူတွေက နောက်ပြောင်ပြီး မမို့မကောင်းကြောင်း ပြောရင်ကို ပြောတဲ့သူနဲ့ ရန်ဖြစ်ပြစ်လိုက်တာ။ကိုယ့်ကိုလဲ မမို့လို့ ခေါ်မှကြိုက်တာ။ အဲ့အချိန်က မမို့တို့က ဆံပင်အမောက်ထောင် စတိုင်လ်နဲ့ ဆိုတော့ မက်မက်လဲ ကိုယ့်ကိုကိုယ် မို့မို့မြင့်အောင် စတိုင်လ်နဲ့ ကိုယ့်ဆံပင်ကို အမောက်ထောင်ထားတာ။ အဟား...အဲဒီတုန်းကတော့ သူ့ကိုကြည့်ပြီး မင်းသမီးလုပ်ဖို့ အရမ်း ၀ါသနာပါပြီး တော်တော်ရူးခဲ့တာ။ ဒါပေမယ့် ကြီးလာတဲ့အခါ မင်းသမီးလုပ်ဖို့ မပြောနဲ့ ဓာတ်ပုံရိုက် တာတောင် ရှက်တတ်တယ်တော့။အဟီးးး ... :P

အထက်တန်း ရောက်လာတဲ့အခါ စစ်ဆေးရုံက စတိုင်လ်လှလှလေးနဲ့ စစ်ဗိုလ်မ အရမ်းဖြစ် ချင်ခဲ့တယ်။ ဖြစ်နိုင်အောင်လည်း စတင်ကြိုး စားပါတယ်။စိတ်ကူးထဲမှာ အမြဲတမ်း စစ်ဆေးရုံက သူနာပြု ၀တ်ရုံလေး တွေဝတ်ပြီး နားကျပ်လေး ဂုတ်မှာချိတ်လို့ တစ်ယောက်ထဲ စိတ်ကူးတွေ အရမ်းယဉ်ခဲ့တယ်။လူကြီးတွေကတော့ ပြောပါတယ်။ ဆယ်တန်းအောင်ရင် တကယ်စစ်ဗိုလ်မ လုပ်မှာလားတဲ့။ ညည်းပုံစံနဲ့ ရှေ့တန်းထွက် ရတဲ့ဒဏ်၊ ပြီးတော့ စစ်မြေပြင်မှာ ရဲဘော်တွေ ဒဏ်ရာပြင်းထန်စွာ ရနေတဲ့အခါ သွေးတွေဘာတွေ နဲ့ကိုယ်အင်္ဂါ ပျက်စီးနေတဲ့ သူတွေကို ကိုင်တွယ်ပြု စုရမယ် ၊ အဲဒီဒုက္ခကို မခံနိုင် ဘူးဆိုရင်တော့ သေချာစဉ်းစား ပေါ့ဆိုပြီး ပြောတယ်။

နင်ရဲ့ရွံတတ်ပုံ၊ ကြောက်တတ်ပုံ နဲ့ဆို ဘယ်လိုလုပ် မလဲတဲ့ သေချာစဉ်းစားပါတဲ့။ နောက်ပြီး ကိုယ်ကစစ်ကားတွေ၊ တိုက်ပွဲဖြစ်နေတဲ့ ကားတွေကြည့်တော့ လူကြီးတွေက ပြောတယ်၊ တကယ့်အပြင်မှာလဲ စစ်ဖြစ်ရင် အဲဒီအတိုင်းပဲတဲ့ ၊ နင်ထင်သလို လှလှပပ ကျော့ကျော့လေး မထင်နဲ့တဲ့။ အဲဒီမှာ တော်တော်ကြောက် သွားတယ်လေ။ ဒီတော့ ပြန်ပြီးစဉ်းစား သုံးသပ်တော့ အော်...ငါဝါသနာ ပါတယ်ဆိုတာ တကယ်တော့ အပေါ်ယံ အလှအပလေးနဲ့ ရုပ်ရှင်မြင်ကွင်းထဲက စတိုင်လ်ခပ်မိမိနဲ့ သရုပ်ဆောင်နေတာကို စိတ်ကူးယဉ်ပြီး သူတို့ရဲ့ ၀တ်ရုံအလှ အပေါ်မှာ ငြိတွယ်မိတာကို။ အခုတော့ ကိုယ်မလုပ်နိုင်တဲ့ အဲဒီဘ၀မှာ သူတို့တွေ လုပ်ကိုင်နေ ရတာကို ကြည့်ပြီးအရမ်းကို လေးစားမိတယ်။ အဲဒီလူတွေကိုလည်း အရမ်းကိုယ်ချင်းစာ မိပါတယ်။အဲဒါနဲ့ တဆက်ထဲ သိလိုက်ရတာက ကိုယ့်ဝါသနာဟာ စစ်ဆေးရုံက စစ်သူနာပြု လုပ်တဲ့အလုပ် မဟုတ်ဘဲ သူတို့ရဲ့ စတိုင်လ်ကျ ၀တ်ရုံလေးကို စွဲလမ်းပြီး ၀တ်ချင်လွန်းလို့ ၀ါသနာ လို့ထင်ခဲ့တဲ့ စိတ်ကူးယဉ် မှုလေးပါပဲ။


ကျောင်းတွေပိတ်တော့ အဖေက အင်္ဂလိပ် စကားပြော သင်ပေးတဲ့အခါ သူ့သားသမီး ဖြစ်တဲ့ မက်မက်တို့ကိုပါ သူ့တပည့်တွေနဲ့တစ်ဝိုင်းတည်း သင်ပေးပါတယ်။ ကိုယ်ကအဲဒီ အချိန်တုန်းက ကလေးဆိုတော့ အဆော့မက်တယ်။ ကစားဖို့လောက်ပဲ အာရုံက ရှိနေတာပေါ ။အဖေက သူ့တပည့်တွေထက် သူ့သားသမီးကို ပိုတော်စေချင်တော့ တပည့်တွေ ရှေ့မှာဆို ဆူရင်ကိုယ့်ပဲ ဆူတယ် ၊ အဖေဆူတော့ စိတ်ကောက်တယ်။ စာသင်တော့ မယ်ဆိုရင် အကြောင်းတစ်ခုခု ပြပြီးပုန်း ရှောင်တော့တာပဲ။ နွေရာသီ ကျောင်းပိတ်ရက် တွေမှာ သူ့တပည့်တွေ နဲ့အတူ အဖေ့ဆီမှာ စာသင်ကြ ရပါတယ်။တစ်ခါတစ်ခါ အပြင်က ဆရာတွေဆီမှာ လည်းလိုက်တတ် ပါသေးတယ်။ ဒါပေမယ့် ကိုယ့်အဖေလောက်တောင် လေယူလေသိမ်း မကောင်းဘူး ဆိုတာ သိပေမယ့်သူငယ်ချင်းတွေနဲ့ အပြင်ကို သွားအတူ လာအတူ စားအတူ သွားလာနေရတော့ ပျော်ပျော်ကြီးပဲ တတ်ခဲ့တယ်။ဒါကလဲ ခဏတာ လောက်လေးပါပဲ။

အဲဒီနောက်မှာ မြန်မာပြည်မှာ သာသနာ လာပြုနေတဲ့ ဘုံကျောင်းက ထိုင်ဝမ်တရုတ်တွေနဲ့ ရင်းနှီးပြီး သူတို့ဆီ သွားလည်ရင်းနဲ့ စကားပြန် အစ်မကြီးတွေကို တော်တော်အား ကျခဲ့တယ်။ သူတို့လိုလဲ တရုတ်စကားကို သွက်လက်အောင် အရမ်းပြော ချင်ခဲ့တယ်။သူတို့လို အားကျပြီး စကားပြန် အရမ်းလုပ် ချင်ခဲ့တယ်။ ဆယ်တန်းဖြေပြီးတော့ အောင်စာရင်း မထွက်ခင်မှာ အပြင်သင်တန်းတွေ လိုက်တတ်ရင်း တရုတ်တန်း ၁၇လမ်းက ရွှေဆိုင်မှာ အလုပ်ဝင် လုပ်ခဲ့တယ်။ အဲဒီကနေ တဆင့် လုပ်ငန်း အတွေ့အကြုံ ရလာတော့ ဘ၀တတ်လမ်း အခွင့်အရေးအရထိုင်ဝမ်နိုင်ငံက လာဖွင့်တဲ့ ရွှေဆိုင်မှာ အလုပ်ပြောင်း လုပ်ခဲ့တယ်။ အဲဒီက စကားပြန် အစ်မကို အရမ်းအားကျခဲ့တယ်။ ပြီးတော့ ဘ၀အတွက် လိုအပ်တဲ့ L.C.C.I Level 1,2,3 နဲ့ Computer စာရင်းကိုင်လဲ တက်လိုက်သေးတယ်။ စီးပွားရေး လုပ်ငန်းလုပ် တဲ့အခါ လိုအပ်တဲ့ Marketing လည်းတက်လိုက် ပါသေးတယ်။ ဒါပေမယ့် အဲဒါတွေ တက်သာတက် နေရတာ အဲဒီစာရင်း ဇယားတွေ ကိုင်တွယ်ရတာကို လုံးဝမကြိုက်၊ ၀ါသနာလည်း မပါခဲ့ဘူး။ တကယ်တမ်း သိလိုက်ရတာက မြုပ်ကွယ်နေတဲ့ ကိုယ့်ရဲ့ဝါသနာဟာ ဒီစာရင်းကိုင် မဟုတ်ဘဲ တဘက်သားကို နားလည်အောင်စကားပြန်ပေး ရခြင်းနဲ့ စာသင်ပေးရခြင်း ဖြစ်တယ် ဆိုတာပါပဲ။

အဲဒီလို သင်တန်းတွေ တက်နေရင်းမှာပဲ အခါအခွင့် သင့်လာတော့ မြန်မာပြည်မှာ စီးပွားရေး လာလုပ်ကြတဲ့တရုတ်ပြည်က တရုတ်လူမျိုး တွေဆီမှာ သူငယ်ချင်းနဲ့ အတူတူ စကားပြန် အလုပ်ကို လုပ်ကိုင်ခဲ့တယ်။ တရုတ်တွေဆီက ကိုယ်နားမလည် ကိုယ်မသိတဲ့ စကားကိုလဲ ပိုတတ်ကျွမ်းလာအောင် သင်ယူရင်းနဲ့ တစ်ဖက်ကလဲ အလုပ်သမားတွေကို ကိုယ်ဝါသနာ ပါတဲ့ စကားပြန် အလုပ်နဲ့ ဘာသာပြန် ပေးရပါတယ်။စက်ရုံမှာ ၀န်ထမ်းအားလုံးရဲ့ အုပ်ချုပ်ရေး တာဝန်ရော စက်ရုံတစ်ခုလုံးရဲ့ ဘဏ္ဍာရေးရော ကိုင်တွယ်ရတော့ကိုယ့်အတွက် အရာအားလုံးကို အလုပ်လုပ်ရင်းနဲ့ သင်ယူခွင့်တွေ ရရှိလာတယ်။


အဲဒီအချိန်က အသက်က ၁၈ နှစ် ၁၉ နှစ်လောက်ပေါ့။ အသက်အရွယ် ငယ်ငယ်နဲ့ စကားပြန် မလေးကို အားလုံးက ချစ်ကြပါတယ်။သူဌေးပြီးရင် ကိုယ်ကအကြီးဆိုတော့ အားလုံးက ကြောက်လဲကြောက်၊ ချစ်လဲချစ်ကြပါတယ်။

အဲဒီလို ကိုယ်က သူတို့တွေကို မိဘလို မိသားစုလို သံယောဇဉ် စေသနာ တွေနဲ့ လုပ်ကိုင်ပေး ခဲ့လို့နဲ့ တူပါတယ်။သူတို့ကလည်း အလုပ်ရှင်နဲ့ အလုပ်သမားလို မဆက်ဆံပါဘူး။ ကိုယ့်ကို မိသားစုဝင် တစ်ယောက်လို တန်ဖိုးထားပြီး နေရာပေးပါတယ်။ ကိုယ့်ကိုလည်း သူတို့ယုံကြည် ကြပါတယ်။ကိုယ်ကလဲ သူတို့ကို ချစ်တယ်။ စေသနာ အပြည့်အ၀ ထားတယ်။ ကိုယ်ကလဲ သူတို့တွေ လူလိမ်မခံ ရအောင်လဲ တစ်ဖက်က သင်ပေးတယ်။ မြန်မာစကားက အစပေါ့။ကိုယ်ကသူ တို့ဆီက သင်ယူ ပြီးသူတို့က ကိုယ့်ဆီက သင်ယူနဲ့ပါပဲ။ အဲဒီလို စေသနာရဲ့ ရောင်ပြန် ဟပ်မှုကြောင့် တူပါတယ်။

သူတို့နဲ့ ပတ်သတ်ပြီး စီးပွားရေး လုပ်ဖို့လာသမျှ နိုင်ငံခြား ဧည့်သည်တွေဟာ ၀န်ကြီးငှာနတွေမှာ ၀န်ကြီးတွေနဲ့ တွေ့ဆုံမှုမှာ တကယ့်ဘာသာပြန် ကျွမ်းကျင်တဲ့ သူတွေကို မခေါ်ယူပဲနဲ့ မက်မက်ကို အားကိုးပြီး တစ်ဖက်ကနေ စကားပြန်မှုမှာ ရဲဝင့်အောင်၊ သတ္တိရှိအောင်၊ ကျွမ်းကျင်အောင် ပံ့ပိုးလို့ မက်မက်ကိုပဲ သွားလေရာ ခေါ်ဆောင်ပြီး စကားပြန် ခိုင်းပါတယ်။ သူတို့တွေရဲ့ မေတ္တာ၊ စေသနာ ဟာကိုယ်ရဲ့ ဘာသာခြား စကားတတ် မြောက်မှုမှာ မေ့မရတဲ့ ကျေးဇူးရှင်တွေပါ။ အခုထိလည်း မက်မက်ရဲ့ ကျေးဇူးရှင်တွေ ဖြစ်တဲ့ တချိန်က ကိုယ့်အလုပ်ရှင် တွေကို မေ့မရပါဘူး။ အမြဲတမ်း သူတို့ရဲ့ ကျေးဇူးတရားတွေကို ပြန်လည်ဆင်ခြင်ရင်း သူတို့သင် ပေးလိုက်တဲ့ ပညာနဲ့ ကိုယ်တတ်သလောက် သိသလောက်လေးကို ပြန်လည်ဝေမျှလို့ နွေရာသီ ကျောင်းပိတ်ရက်မှာ မက်မက်ရဲ့ အိမ်မှာပဲ ကလေးတွေကို ခေါ်ယူပြီး တရုတ်စာကို ၀ါသနာအရ အခမဲ့ ပြန်လည်သင်ပြ ပေးပါတယ်။

အခုစင်္ကာပူ နိုင်ငံကို ရောက်နေစဉ်မှာလဲ သူတစ်ပါးကို သင်ကြားပြသ ပေးချင်တဲ့ ၀ါသနာအရ ကိုယ်သိသလောက်ကို အခမဲ့ ပြန်လည် သင်ပြပေး နေပါတယ်။ဆရာမ အဖြစ်နဲ့ သူတို့ကို သင်ကြားပြသပေးရင်း ကိုယ်ကလဲ အသစ်တဖန် ပြန်လည်လေ့လာ မှတ်မိတာပေါ့။ ဘာသာရပ် တစ်ခုဟာ လေ့လာပြီးရင်ပြန်လည် အသုံးမချဘဲ ပြစ်ထားရင် မေ့လွယ်ကုန်ပါတယ်။ ဒါကြောင့် မက်မက်ရဲ့ ၀ါသနာအရ အခုဆိုရင် ဆရာမ အဖြစ်နဲ့ကိုယ်သိသလောက် တတ်သလောက်လေးကို တပည့်တွေကို ပြန်လည်ဝေမျှ သင်ကြားပေးပါတယ်။

ကဲ...တီတီနက်နဲ့ ညီမဆုလေးတို့ရေ...မက်မက်ဟာ မြန်မာနိုင်ငံ တုန်းကလို ကိုယ်လုပ်ကိုင် ခဲ့ရတဲ့ စကားပြန်အလုပ်ရယ် အခုစင်္ကာပူမှာ Sales&Marketing Executive ရာထူးနဲ့ လုပ်ကိုင်နေရတဲ့ အလုပ်ရယ် ၊သူတစ်ပါးကို ဆရာအဖြစ်နဲ့ ကိုယ်သိတဲ့ ဘာသာစကားကို အခမဲ့ ပြန်လည်သင်ကြား ပြသပေးရတဲ့ အလုပ်ရယ် ဟာဆိုရင် မက်မက်အတွက်တော့ ကိုယ့်ရဲ့ တကယ့်ဝါသနာကြောင့် ဖြစ်တည်လာ ရတာတွေပါ။

အဲဒီလိုလည်း ကိုယ့်ကိုကိုယ် ထင်မြင်ယုံကြည် မိပါတယ်။ သက်မွေးဝမ်းကျောင်းမှု ပညာရပ်တွေမှာ မိမိရဲ့ ၀ါသနာနဲ့ လုပ်ကိုင်ပါမှ အောင်မြင်မှုကို ဆွတ်ခူးရရှိ ကြမှာပါ။ မည်သည့်အလုပ်ကို လုပ်ကိုင်နေပါစေ၊ မိမိရဲ့ ၀ါသနာကို အခြေပြုလို့ လုပ်ကိုင်ပါမှ လုပ်ကိုင်နေတဲ့ အလုပ်မှာ ပျော်ရွှင်မှု အောင်မြင်မှု ကိုရရှိ ခံစားရမှာ ဖြစ်ပါတယ်။ မက်မက်လဲ ပင်ပန်းမှုဒဏ်၊ စိတ်ဖိစီးမှုဒဏ်တွေကို ကိုယ်ဝါသနာ ပါရာလုပ်ကိုင် ရတဲ့အတွက် အဲဒီက ဖြစ်ပေါ်လာတဲ့ ပီတိတွေကို စားပြီး ပင်ပန်းမှုကို ဖြေဖျောက်လို့ ပျော်ရွှင်ကြည်နှုး ရပါတယ်။

မက်မက်ရဲ့ ၀ါသနာကတော့ အဲဒီလောက်ပါပဲ၊ တီတီနက်နဲ့ တီတီလိပ်ပြာလေးတို့ ဒီလောက်နဲ့ ကျေနပ်လိမ့်မယ် ထင်ပါတယ် ။ မက်မက်ကို ခင်မင်လို့ တက်ဂ်ထားတဲ့ အတွက်လဲ အစ်မနှင်းဆီနက်နဲ့ ညီမလေးဆုလေးတို့ကို ကျေးဇူးတင်ပါတယ်။မက်မက်ရဲ့ ၀ါသနာကို လာရောက်အားပေးကြတဲ့ စာဖတ်သူ အစ်ကို၊အစ်မ၊ ဦးဦး၊တီတီ တို့ကိုလဲ ကျေးဇူးတင်ပါတယ်။ အားလုံးပဲ အာဝါးးးးးးးးးနော်..

0 comments: