နိုင်ငံခြားပြန်တစ်ယောက်ရဲ့ငြီးချင်း (WWKM)

Thursday, October 22, 2009

မင်္ဂလာပါရှင်..
ဒီနေ့တော့ နိုင်ဂံဂျားပြန် ( နိုင်ငံခြားပြန်) အကြောင်းလေးပို့စ်ရေးချင်စိတ်ပေါက်လို့ ရေးလိုက်ပါဦးမယ်နော်...
နိုင်ဂံဂျားပြန် ဆိုရင် ကျမတို့မြန်မာတွေက အရမ်းအထင်ကြီးကြတယ်လေ... နိုင်ငံခြားသွားရတော့မယ်ဆိုရင်ပဲ ချက်ချင်းသူဌေးဖြစ်သွားတဲ့ အတိုင်းပါပဲ။ ကျမတို့ ဂျပန်လာရမယ်ဆိုတော့ ရပ်ကွက်ထဲကလူတွေကပြောကြပါတယ်... “မ၀ါတို့တော့ သူဌေးဖြစ်ပြီ ဂျပန်တောင်သွားရမှာ”တဲ့.. ဟတ်ဟတ်. ဂျပန်သွားပြီး ဂျပန်ရောက်သွားတာနဲ့ ငွေဘုံကြီးပေါ်ထိုင်ရတော့မယ့် အတိုင်းပါပဲ...

နိုင်ငံခြားရောက်တဲ့သူတိုင်း အလကားနေကြရင်းနဲ့ သူဌေးမဖြစ်ကြဘူးဆိုတာကို နိုင်ငံခြားမှာရောက်နေကြတဲ့သူတိုင်း သိကြပါတယ်... နိုင်ငံခြားက ပြန်လာကြတဲ့ တကယ့်သူဌေးကြီးတွေလည်းရှိသလိုပဲ နိုင်ငံခြားမှာ အလုပ်ကလေးလုပ်ပြီး စုသင့်တာစု ၊ သုံးသင့်တာသုံး ၊ ကုန်သင့်တာကုန်နဲ့ တချို့ဆိုရင် ၀င်ငွေနဲ့ ထွက်ငွေနဲ့ ကွက်တိ ၊ ငွေဝင်နေတာပဲရှိတာလေ တစ်လ တစ်လ ကိုယ့်ရဲ့ဝင်ငွေကတော့ မြန်မာတွေကြားရင် မက်လောက်စရာကြီးပေါ့ ၊ ဒါပေမယ့် ထွက်တဲ့ငွေကလည်း သူ့နိုင်ငံ သူ့အသုံးစရိတ် ကိုယ်ဝင်တဲ့ဝင်ငွေနဲ့က ကွက်တိ
ဖြစ်လို့နေကြပါတယ်... ပြီးရင် ကုန်စရာတွေကလည်း အလိုလိုပေါ်လာတတ်ပြန်တယ်လေ...း)

နိုင်ငံခြားမှာ အလုပ်ကိုကြိုးစားလုပ်ကြပြီး ခြစ်ခြစ်ကုတ်ကုတ်တကယ်စုဆောင်းနိုင်ကြတဲ့သူတွေလည်းရှိနေကြပါတယ်... အဲဒီလိုလူတွေကိုတော့ လေးစားသလို အားလည်းကျမိပါတယ်... သူတို့တွေ ဒီမှာ အလုပ်ကြိုးစားလုပ် စုဆောင်းကြပြီး မြန်မာပြည်ပြန်ရောက်ကြရင်တော့ အရင်းအနှီးတစ်ခုရသွားပြီး စီးပွားရေးလုပ်ငန်းကောင်းကောင်းတစ်ခု တည်ထောင်နိုင်ကြပြီ ဆိုရင်တော့ သူတို့လို နိုင်ငံခြားပြန်တွေက မြန်မာတွေပြောသလို နိုင်ငံခြားပြန်သူဌေးကြီး ဖြစ်နိုင်တာပေါ့နော်...း)))))

ဥပမာ .. ကျွန်မတို့မိသားစုအကြောင်းလေးကို ပြောပြပါမယ်...( သူဌေးဖြစ်တဲ့အကြောင်း မဟုတ်ဖူးနော်..ငွေစုချင်ပေမယ့် ကုန်စရာတွေက အလိုလိုပေါ်ပြီး ငွေမစုနိုင်တဲ့ အကြောင်းလေးပါ။)း)))

ဦးဥာဏ်ရတဲ့ ပညာသင်ထောက်ပံ့ကြေးငွေက တကယ်တော့ ဂျပန်မှာ လူတစ်ယောက်သုံးစားပြီးနေဘို့ လောက်လောက်ငင ပေးထားတဲ့ငွေပါ။ ဒီဝင်ငွေနဲ့ ကျမတို့က မိသားစုအတူလာနေကြတော့ တစ်လတစ်လေကျရင် အသုံးစရိတ်က ကွက်တိပါ ၊ တစ်လတစ်လေကျရင် စုနိုင်ပါတယ် ၊ အဲ.. တစ်လတစ်လေကျရင်တော့ မလောက်ငှတတ်ပါဘူး။း))))) ဒါပေမယ့် ဦးဥာဏ်က ဒီမှာ super student ဆိုပြီးအရွေးခံရလို့ နောက်ထပ်လခတစ်ခု ထပ်ရပါတယ်... အဲဒါလည်း .. လုံးခြာလိုက်နေခဲ့တာပါပဲ.......း))))မြန်မာပြည်ကမိဘဆွေမျိုးတွေကတော့ ကျမတို့မိသားစုဝင်ငွေက ၂လစာဆိုရင် တိုက်ခန်းတစ်ခန်း ၀ယ်နိုင်တယ်ဆိုပြီး ပိုက်ဆံတွေ အများကြီိးစုမိနေတယ်လို့ ထင်နေကြပါတယ်... ဒါပေမယ့် ကျမက ဖုန်းဆက်တိုင်း ပိုက်ဆံမစုမိကြောင်းငြီးတွားတတ်လို့ ကျမကို “ ဂျပန်ကသူဌေးကလည်းအမြဲငြီးနေတာပဲ ”တဲ့လေ. ဟတ်ဟတ်...

တကယ်ပြောတာပါ... သူများတွေတော့ ပိုက်ဆံစုမိကြမလားမသိဘူး။ ကျမတို့ မိသားစုကတော့ ပိုက်ဆံကို ထင်သလောက်မစုမိပါဘူး။ မစုမိတာကလည်း ကျွန်မက အရမ်းခြစ်ခြစ်ကုတ်ကုတ်ကြီး မသုံးတတ်ပါဘူး။ နိုင်ငံခြားရောက်တုန်း တတ်နိုင်သလောက်ငွေစုမယ် ဆိုတဲ့ အတွေးရှိနေပေမယ့် တော်တော်များများ ကျွန်မက ကိုယ့်စိတ်ကိုကိုယ် အလိုလိုက်မိတာ များပါတယ်.... ခြစ်ခြစ်ကုတ်ကုတ် စုဆောင်းမယ် ဆိုတာထက် ကျွန်မရဲ့ ဆုံးဖြတ်ချက်ကတော့ စုသင့်သလောက်စုမယ်.. သုံးသင့်တာသုံးမယ် ၊ ၂ဖက်မိဘကို တတ်နိုင်သလောက်ထောက်ပံ့မယ် ။ နှစ်ဖက်မိဘကို တတ်နိုင်သလောက်ထောက်ပံ့မယ်ဆိုတာလည်း အခုဆိုရင် ဂျပန်ကနေငွေမပို့ပေးနိုင်တာကြာနေပါပြီရှင်.. ဟိုအကြောင်းပြ ၊ ဒီအကြောင်းပြနဲ့ကိုပဲ ငွေက အလိုလိုကုန်နေတာပါပဲ။ ဒါပေမယ့် မြန်မာပြည်မှာ ကျမတို့ပိုင်တဲ့ တိုက်ခန်းလေး ၂ခန်းနဲ့ ဟန်းဖုန်းလေးကို သူများကိုငှားထားတော့ အဲဒီဝင်ငွေလေးတွေနဲ့ပဲ မိဘတွေကို ထောက်ပံ့နေရတာ နှစ်ချီသွားပါပြီ။ ဒီကနေငွေမပို့ပေးနိုင်တာ နှစ်ချီသွားလို့ပါ။း)))

ကျမတို့ မိသားစု ပထမတစ်နှစ် ၂၀၀၅ မှာ ငွေစုနိုင်ပါတယ် ၊ ဒီရောက်ပြီး သိတ်မကြာခင်မှာ နှစ်ဖက်မိဘကို တစ်ဖက် ၅သိန်းစီ ပို့ပေးနိုင်ခဲ့ပါတယ်။ ပထမတစ်နှစ်မှာ ငွေစုနိုင်တဲ့ အကြောင်းကတော့ အဆောင်မှာနေရတဲ့ အတွက် အဆောင်လခက အများကြီးသက်သာပါတယ်။ အခုနေတဲ့ အခန်းခက တစ်လ ယန်း၆၀၀၀၀ ပေးရပါတယ်... အဆောင်မှာနေတုန်းက တစ်လ ယန်း ၁၀၀၀၀ ပဲပေးရပါတယ်။ ရေဘိုး ၊ မီးဘိုး ၊ ဂက်စ်ဖိုး ၊ အင်တာနက်ဖိုး ၊ဖုန်းဖိုးက အဆောင်မှာနေတုန်းက သိတ်မကုန်ခဲ့ပါဘူး။ အခု အပြင်အိမ်မှာနေတော့ ရေဘိုး ၊ မီးဘိုး ၊ ဂက်စ်ဖိုး ၊ အင်တာနက်ဖိုး ၊ဖုန်းဖိုး နဲ့ ဘာလာ..ဘာလာ.. ဘာလာက ယန်း ၄၀၀၀၀ လောက်ကုန်ကျပါတယ်.....သမီးလေးရဲ့ ကျောင်းလခက လစဉ် ယန်း ၁၇၀၀၀ ပေးရပါတယ်... ဒီကိုရောက်စက ယန်း၁၀၀ ဆိုရင် မြန်မာငွေ ကျပ် ၁၀၀၀ ကျော်ဆိုပြီး တွက်ပြီးသုံးလာခဲ့တာမို့ တော်တော်လေးချွေတာသလို ဖြစ်ခဲ့လို့ အိမ်စားသောက်စရိတ် သိတ်မကုန်ခဲ့ပါဘူး။ ဒါပေမယ့် အခုဆိုရင် ဒီလ ၁၇ ရက်နေ့က ယန်း ၁၀၀၀၀ ထုတ်ထားပြီး တစ်ပတ်စာဈေးဝယ်လိုက်တာ ယန်း ၅၀၀၀ ကျော်ကုန်သွားပါတယ်... သမီးလေးနေမကောင်းလို့ ဆေးခန်းပြလိုက်တာ ယန်း ၃၅၀၀ ကုန်သွားပါတယ်..ကျန်တဲ့ တစ်ထောင်ကျော်က မုန့်လေးဘာလေးစားတော့ ယန်း၁၀၀၀၀ ၁၇ ရက်နေ့ကထုတ်တာ ၂၁ ရက်နေ့မှာ ကုန်သွားပါတော့တယ်.. ပိုက်ဆံက အသုံးမခံပါဘူး။ (၅ ရက်မှာ အပိုသုံးငွေ မပါပဲနဲ့ ယန်း ၁၀၀၀၀ ကုန်သွားပါတယ်.)ဒီလတော့ ငွေစုမယ်လို့ တွေးလိုက်ပေမယ့် ကုန်စရာက အလိုလိုပေါ်လာပြန်တာပါပဲ။

၂၀၀၅ ဒီကိုရောက်ပြီးနှစ်ဖက်မိဘကိုငွေပို့ပေးတယ်.. မောင်နှမ ၄ယောက်ကို မုန့်ဘိုး နည်းနည်းစီပေးလိုက်နိုင်တယ် ဒီလောက်နဲ့ပဲ ၂၀၀၅ ကုန်သွားခဲ့ပါတယ်...

၂၀၀၆ ၂လပိုင်းမှာ ကျွန်မဖေဖေမဆုံးခင် ဆေးကုဘို့ ငွေပို့ပေးလိုက်နိုင်ပါတယ်... ၂၀၀၆ မတ်လမှာတော့ အဆောင်ကနေ အပြင်တိုက်ခန်းမှာ ငှားနေခဲ့ရတဲ့အတွက် ၂၀၀၅ ခုနှစ်က စုမိခဲ့တဲ့ ယန်းသောင်း ၂၀ ကျော်ကို တိုက်ခန်း တစ်လစာအတွက် ( စပေါ်၊ ပွဲစားခ အပါ) ပေးလိုက်ရပါတော့တယ်....ပလုံ.. ပလုံ.........း)))) ငွေစုမိပုံများနော်...း)))))

၂၀၀၆ နှစ်လည်လောက်မှာတော့ မောင်လေး ၂ယောက်ရှိတာ တစ်ယောက်ကို နိုင်ငခြားထွက်နိုင်ဘို့ အရင်းအနှီး ထုတ်ပေးပြီး ၊ မြန်မာပြည်မှာရှိတဲ့ မောင်လေးအတွက် ကိုယ်ပိုင်လုပ်ငန်း လုပ်ဖို့ ငွေ ပို့ပေးခဲ့ပြီး ကျမတို့ လက်ထဲမှာ ငွေလုံးဝ မကျန်တော့လို့ အကြွေးဝယ်ကဒ်နဲ့ သုံးခဲ့ရပါတယ်...း))( ကြွားတာ... ကြွားတာ )း))))

၂၀၀၆ နှစ်အကုန်မှာတော့ “တိုက်ခန်းလေး တစ်ခန်းဝယ်နိုင်အောင် ပိုက်ဆံစုကြမယ်ကွာ ”ဆိုပြီးတော့ ပိုက်ဆံစုကြတာ ၂၀၀၆ နှစ်ကုန်မှာတော့ ကျောက်မြောင်းမှာ ၇ လွှာ တိုက်ခန်းလေးတစ်ခန်းကို ၇၈ သိန်းနဲ့ ၀ယ်နိုင်ခဲ့ကြပါတယ်.... စင်္ကာပူရောက်နေတဲ့ မောင်လေးကလည်း ငွေ၁၅သိန်းပို့ပေးနိုင်ခဲ့လို့ ၀ယ်ဖြစ်သွားခဲ့တာပါ။မဟုတ်ရင် ပိုက်ဆံ မလောက်ပါဘူး။အဲဒီတိုက်ခန်းလေးမှာ ဦးဥာဏ်ကျောင်းက ဆေးကျောင်းသားလေးတွေကို တစ်လ ၃၅၀၀၀ နဲ့ အိမ်ငှားတင်ထားခဲ့တာ အခုအထိပါပဲ။
တကယ်တော့ တိုက်ခန်းကို ငွေတတ်နိုင်ရင် ၃ ၊ ၄ လွှာလောက် ၀ယ်ချင်တာပါ။ ကျွန်မတို့ ပထမပိုင်ထားတဲ့ တိုက်ခန်းကလေးကလည်း ကျောက်မြောင်းမှာပဲ ၄ လွှာပါ။ ၄ လွှာဆိုတော့ လူကြိုက်များပါတယ်။ အဲဒီတိုက်ခန်းလေးကိုတော့ ကျွန်မဒီကိုလာခါနီး ကျွန်မတို့ပိုင်တဲ့ ဆေးခန်းလေးကိုရောင်းပြီး ၀ယ်ခဲ့တာပါ။ အခု ဆရာဝန်တစ်ယောက်ကို အိမ်ငှားတင်ထားခဲ့ပါတယ်... အဲဒီတိုက်ခန်းလေးက အိမ်ငှားခစားနေရတာ ၄ နှစ်ကျော်သွားပြီ ဖြစ်သလို ၄ လွှာဆိုတော့ တိုက်ခန်းဈေးလည်း နည်းနည်း တက်လာပါတယ်။ ( ပညာယူကြပါ.. ပိုက်ဆံစုမိရင် တိုက်ခန်းဝယ်ထားပြီး အိမ်ငှားတင်ထားကြပါ၊ အရှုံးမရှိပါဘူး။း))))

၂၀၀၇ ၊ ဧပြီလမှာတော့ ကျွန်မနေမကောင်းလို့ ကျွန်မနဲ့သမီးလေး မြန်မာပြည်ပြန်သွားခဲ့တာ လေယာဉ်စရိတ်က သားအမိ ၂ယောက် ယန်းသောင်း ၂၀ ကျော် ကုန်ကျပြီး မြန်မာပြည်ရောက်တော့ ၂ လနေကြပြီး ဆေးကုတာနဲ့ ၊အလှူလုပ်တာနဲ့ အသုံးစရိတ်က ၂ လကို သိန်း ၂၀ ကျော်လောက်ကုန်သွားခဲ့ပါတယ်.... ၂ဖက်မိဘကိုလည်း ကန်တော့ဖြစ်ခဲ့တာပေါ့လေ... ပိုက်ဆံက ဒီကိုမပြန်လာခင်ပြတ်သွားလို့ ဦးဥာဏ်ကို ပို့လာခိုင်းတော့ အဲလောက်ပဲကုန်ရသလားဆိုပြီး နည်းနည်းပဲ ပို့ပေးခဲ့ပါတယ်... သူပြန်ရောက်မှ မြန်မာပြည်က အသုံးစရိတ်တွေအကြောင်း သိပါလိမ့်မယ်.. အဟေးးးး))) အဲဒါနဲ့ စင်္ကာပူက မောင်လေးဆီဖုန်းဆက်ပြီး အကူအညီတောင်းတော့ မောင်လေးက ငွေ ၅သိန်းပို့ပေးခဲ့ပါသေးတယ်... မြန်မာပြည်မှာ ၀င်ငွေမရှိပေမယ့် ထွက်တဲ့ငွေက တော်တော်မြန်ပါတယ်ရှင်.. သမီးလေးက “မေမေမုန့်ဘိုးပေး”ဆိုရင် ၂ ယောက်ဆိုရင် ၅၀၀ တန်မှ ရပါတယ်.. မောင်နှမ၀မ်းကွဲ ၄ ယောက်ဆိုတော့ တစ်ခါ မုန့်ဝယ်စားရင်ပဲ (သွားရည်စာလေးပဲ) ၁၀၀၀ တန်ပေးမှရပါတယ်.... ကြေးအိုးဆိုင်ကို မောင်နှမတွေ စုပြီးသွားစားကြရင် ငွေ ၂၀၀၀၀ ကျော်ရှင်းရပါတယ်... ကိုယ်က နိုင်ဂံဂျားပြန်ကြီးဆိုတော့ ဒိုင်ခံရှင်းရတာ များပါတယ်....း))))) ပိုက်ဆံ တစ်သိန်းဆိုရင် ခဏဆို ပလုံသွားတာပါပဲ။ ဒါတောင် ပြန်ခါနီး ပိုက်ဆံပြတ်သွားပြန်လို့ အစ်မက အချိုအအေးကြိုက်တာ ၀ယ်ကျွေးခဲ့ရပါသေးတယ်...း)))

၂၀၀၇ ဇွန်လမှာ သားအမိနှစ်ယောက် ဂျပန်ပြန်လာကြပြီး ၂၀၀၇ သြဂုတ်လမှာ မြန်မာသူငယ်ချင်း မိတ်ဆွေတွေနဲ့အတူ ဂျပန်ပြည်တွင်းခရီး Hamamatsu , Gifu , Kyoto , Kobe , Oosaka , Nagoya မြို့တွေကို အလည်သွားခဲ့ကြပါပြီး Oosaka Hotel မှာ တည်းခဲ့ကြပါတယ်။ Nagoya ရောက်တော့ Nagoyaမြို့မှာ နာမည်ကြီးစိန်ဆိုင်ရှိတာကြောင့် အရောက်သွားကြပြီး နာဂိုရာကို ရောက်ခဲတယ် ၊ရောက်တုန်းဝယ်ကြရအောင်ဆိုပြီး အမှတ်တရ စိန်လက်စွပ်နဲ့ စိန်ဆွဲကြိုး ကို Credit card နဲ့ ၀ယ်ဖြစ်လိုက်တာ ၂၀၀၇ နှစ်ကုန်အထိ အကြွေးဆပ်လိုက်ရပါတော့တယ်လေ။း))))))) ( စိတ်တော့မကောင်းပါဘူး ပြုံးဖြီးဖြီးကြီးနဲ့ပေါ့.. အဟတ်)း)))) အဲလိုနဲ့ ၂၀၀၇ မှာ ဘာငွေမှ မစုမိလိုက်ပါဘူး။

၂၀၀၈ မှာတော့ အကြွေးတွေ ကျေသွားလို့ ပိုက်ဆံပြန်စုကြရအောင်ဆိုပြီး ခရီးသိတ်မထွက်ဖြစ်ပဲ ပိုက်ဆံစုဖြစ်ခဲ့ကြပါတယ်... ဒါပေမယ့် ပိုက်ဆံကို ဘယ်လိုပဲစုစု တစ်နှစ်လုံးနေလို့ သိန်းတစ်ရာပြည့်အောင် မစုနိုင်ပါဘူးလေ... အလွန်ဆုံးစုနိုင် တစ်လ ယန်း၅ သောင်းနှုန်းပါပဲ။ ပိုက်ဆံစုမယ်ဆိုပြီး စုနေဆဲမှာပဲ ၂၀၀၈ စက်တင်ဘာလမှာ ဦးဥာဏ်က ပြင်သစ်မှာစာတန်းဖတ်ဖို့သွားရမှာဖြစ်လို့ လိုအပ်တာတွေဝယ်ပေးရင်း နဲ့ ကုန်စရာတွေက ပေါ်လာပြန်တာပဲလေ... ခရီးစရိတ် နဲ့ ဟိုတယ်စရိတ် ၊စားသောက်စရိတ်တွေ ပြန်ရပေမယ့် ကျန်တာတွေ အကုန် ကိုယ်အိပ်စိုက်ကုန်ရပြန်တာပါပဲ ။ ဦးဥာဏ်က ပြင်သစ်ရောက်မှတော့ မိန်းမအတွက် Louis Vuitton အိပ်ဝယ်ရမယ်ဆိုပြီး ဈေးကြီးလွန်းလို့ ကျွန်မက မမှာပေမယ့် Credit card နဲ့ ၀ယ်လာခဲ့လေတော့ ပြန်လာတော့ ဆပ်ပါဦး အကြွေး ၂ လ။း))))) အဲဒီ Credit card ကြီးက သုံးလို့တော့ အရမ်းကောင်းပါရဲ့ ကြွေးဆပ်ရတော့မယ်ဆိုမှ စာရင်းတွေထွက်လာလိုက်တာ မျက်လုံးပြူးပါရောပဲ.. အဟဲ.( အားလုံး တူတူပဲလေ.. ဟုတ်တယ်ဟုတ်)း)))))

၂၀၀၈ နှစ်ကုန်အထိ အကြွေးဆပ်လိုက်ရပြီးတော့ ၂၀၀၉ မှာ စင်္ကာပူက မောင်လေးမင်္ဂလာဆောင်မယ်ဆိုတော့ သွားချင်ပြန်လေရောလေ.. အဲဒါနဲ့ မောင်လေးတို့ကို လာမယ်ပေါ့ပြောလိုက်တယ်... သူတို့ကလည်း အရမ်းလာစေချင်ကြတယ်... ကျွန်မကလည်း သွားချင်တာ ဘလော့ဂါမောင်နှမတွေနဲ့ဆုံချင်တာလည်းပါတယ်လေ ညီမလေး Dream ကို စင်္ကာပူလာမယ်ဆိုပြီး ပြောပြထားလိုက်တယ်။ ညီမလေးဒရင်းကလည်း ကျွန်မလာရင် ဘလော့ဂါမောင်နှမတွေနဲ့ တွေ့ဆုံပွဲလုပ်နိုင်အောင်သူစီစဉ်ပေးမယ်ဆိုလို့ ပျော်စရာကောင်းမှာပဲဆိုပြီး ပိုသွားချင်ခဲ့မိပါတယ်.... ဒါပေမယ့် စင်္ကာပူမင်္ဂလာပွဲကို မေမေ နဲ့ မမက လာကြမယ် ဆိုတော့ သူတို့ကိုကြုံတုန်း ဂျပန်ဆက်လာစေချင်တာနဲ့ ဂျပန်ဆက်လာနိုင်အောင်ဖိတ်ခေါ်ပြီး ခရီးစရိတ်ပို့ပေးလိုက်ပါတယ်... အဲဒီတော့ ကျွန်မအရမ်းသွားချင်တဲ့ စင်္ကာပူခရီးစဉ်ကို ဖျက်ဖို့အကြောင်းဖန်လာခဲ့ရပါတယ်။ မေမေ နဲ့ မမ ဒီရောက်ရင် သုံးဘို့ငွေလည်းလိုဦးမယ်။ ကျွန်မတို့ပါ စင်္ကာပူသွားရင် ပိုက်ဆံကလောက်နိုင်တော့မှာ မဟုတ်လို့ ဦးဥာဏ် အလုပ်များတာကို အကြောင်းပြပြီး မောင်လေးကို မင်္ဂလာဆောင် မလာနိုင်တော့ကြောင်း ဖျက်ခဲ့ရပါတယ်... တကယ်တော့ ပိုက်ဆံမရှိတော့လို့ပါ။ အဟတ်း))))))

၂၀၀၉ ဇန်န၀ါရီမှာ မေမေ နဲ့ မမ ဒီကိုအလည်ရောက်ကြပြီး လည်စရာနေရာတွေကိုလိုက်ပို့ပေး ၊ အချိန်မရတာရယ် ငွေအခြေအနေရယ်ကြောင့် ဝေးဝေးလံလံနေရာတွေလည်း လိုက်မပို့ပေးနိုင်ခဲ့ပါဘူး။ တိုကျိုပတ်ဝန်းကျင်မှာရှိတဲ့ နာမည်ကြီးနေရာလေးတွေကိုပဲ လိုက်ပို့ဖြစ်ခဲ့ပါတယ်။ ဘယ်သွားသွား တစ်ရက် အပြင်ထွက်ရင် ခရီးစရိတ်နဲ့ စားစရာက ယန်း ၁၀၀၀၀ ပုံမှန် အနည်းဆုံးပါပဲ။ ဂျပန်မှာက ခရီးစရိတ်ကြီးပါတယ်။ ဝေးဝေးလံလံ ဘယ်မှ လိုက်မပို့နိုင်ခဲ့လို့ ဂျပန်ရောက်တုန်း အမှတ်တရအဖြစ် Shinjuku မှာရှိတဲ့ စိန်ဆိုင်ကိုခေါ်သွားပြီး မေမေ ၂ယောက်နဲ့ မမ ၂ယောက်အတွက် လက်စွပ်တစ်ကွင်းစီ လက်ဆောင်ဝယ်ပေးလိုက်ပါတယ်။ မောင်လေး ၂ယောက်အတွက်တော့ နာရီ တစ်ယောက်တစ်လုံးစီပေါ့လေ... ဂျပန်ပြည်အမှတ်တရပေါ့.... ရှင်းလိုက်တာက သိတဲ့အတိုင်း Credit card နဲ့ဆိုတော့ ပလုံ ပလွမ်... ပလုံ ပလွမ် ( အသံတော့ မြည်တယ်. အဟတ်)း))) ဆပ်လိုက်ရတဲ့အကြွေး ဒီလမှပဲကြေပါတော့တယ်လေ... အဟားးးးး ( စုမိတာ..စုမိတာ.. ငွေတွေ ..အဲလောက်)း)))))) ဂျပန်မှာ နေတာ၎နှစ်ကျော်သွားပြီ တိုက်ခန်းလေး တစ်ခန်း နဲ့ ဖုန်းလေးတစ်လုံးပဲ ၀ယ်နိုင်လိုက်ပါတယ်။ သူများတွေကြားရင်တော့ ရယ်မလား မသိပါဘူး။ တကယ်ပြောတာပါ။ ဒီလောက်ကလေးကတော့ ကြွားစရာလည်းမဟုတ်ပါဘူးနော်. .း))))

အခု လာပြန်ပြီ တမျိုး.... ဦးဥာဏ်က စက်တင်ဘာ ပထမပတ်မှာ စင်္ကာပူမှာစာတန်းသွားဖတ်ရပါမယ်။ အဲလိုဆိုတော့ မီးမီးတို့လည်း လိုက်ချင်တယ်ပေါ့နော်..း)))) သွားကြမယ် မိသားစု ၊ မတတ်နိုင်ဘူး ငွေကုန်တာ ကုန်ပါစေတော့ပေါ့။ မြန်မာပြည်ပြန်ရောက်သွားရင် ခရီးထွက်ဖို့ မလွယ်ဘူး။ ဒီတခါ တကယ် စင်္ကာပူသွားကြမယ်လို့ စီစဉ်ထားပြန်ပါလေရဲ့...စင်္ကာပူမှာတော့ ဟိုတယ်တောင်ဘွတ်ကင်လုပ်ထားလိုက်ပြီ..အဟေးးး ဒါပေမယ့် အခုလောလောဆယ် ခက်နေတာက ကျွန်မ ပတ်စ်ပို့စ်ဗီဇာက ၂၀၁၀ ဇန်န၀ါရီလကုန်အထိပဲရှိနေလို့ စကာင်္ပူသံရုံးမှာ ဗီဇာလျှောက်လို့ ရမလားလို့ ဦးဥာဏ်က ဒီနေ့စုံစမ်းတော့ ...စင်္ကာပူ သွားမှာက စက်တင်ဘာလဆိုတော့ အနည်းဆုံး ပတ်စ်ပို့စ်ဗီဇာက ၆ လကျန်မှရမယ်တဲ့လေ။ အဲဒါနဲ့ မြန်မာသံရုံးသွားပြီး အခွန်ဆောင်ပြီး ပတ်စ်ပို့သက်တမ်းမကုန်ခင် သက်တမ်းကြိုတိုးရပါဦးမယ်ရှင်။း)))) ကုန်စရာတွေက အဲလိုပေါ်လာတာ....
ဒီတခါတော့ မဖြစ်မနေ လာနိုင်အောင်ကြိုးစားနေပါတယ်... မောင်နှမတွေ အများကြီးနဲ့ တွေ့ဆုံချင်ပါတယ်။
ကျွန်မလာရင် မုန့်ကျွေးဘို့ ကြိုတင်ဘွတ်ကင်လုပ်နေတဲ့သူတွေရှိနေပါတယ်... အဟားးး စားရဦးမှာပဲ... ပိုက်ဆံမရှိဘူးလို့ ကြိုငြီးပြထားတာနော်.... တကယ်လာမှ မပြေးကြနဲ့ .... ဒီက လေယာဉ်စရိတ်နဲ့ ဟိုတယ်ခပဲ အကုန်ခံမှာ... စကာင်္ပူရောက်ရင်တော့ ဘလော့ဂါမောင်နှမတွေအိမ်ကို တစ်အိမ်တက်ဆင်း လိုက်စားရတော့မှာပဲ။ အခုကတည်းက သတင်းပေးထားတာနော်.. ကြိုရှောင်ပုန်းနေလို့ရတယ်.....း)))))))

ပျော်ရွှင်ချမ်းမြေ့ကြပါစေ..

ဝါ၀ါခိုင်မင်း

0 comments: