တကယ်လို့ ...ကမ္ဘာပျက်မယ် ဆိုရင်ပေါ့..ခိုင်းသူက လည်း ခိုင်းတတ်မှတော့ ရေးရတော့တာပေါ့ရှင်။ အင်းတွေးစရာတွေက တစ်ပုံကြီးပါပဲ. အတွေးတွေကို ထက်ခြမ်းခြမ်းရတော့ မယ်ထင်တယ် ။ ကျမက စိတ်ကူးယဉ်တဲ့အပိုင်းကိုပဲ ဦးတည်ခရီးဆက်သွားမယ်။
ကမ္ဘာပျက်တော့မယ်ဆိုရင် ကျမတို့ ကမ္ဘာသစ်ကို ကြိုဆိုရုံပေါ့ရှင်... ဟောင်းနွမ်းစုတ်ပြတ်သတ်နေတဲ့ ဟော့ဒီကမ္ဘာကြီးကို စွန်ခဲ့ကြတာပေါ့... ကမ္ဘာဟောင်းမှာ အကျင့်ဟောင်းတွေ အယူဆဟောင်းတွေ နှင့်အတူ မကောင်းတာဟူသမျှ ကျမတို့ အကုန်လုံးစွန့်ခဲ့ကြတာပေါ့...
၁။ ဘယ်သူတွေနဲ့ရှိနေချင်လဲ..
ဘယ်သူတွေနဲ့ ရှိနေသလည်းဆိုတဲ့ မေးခွန်းကို မဖြေချင်ပါဘူး ။ ကိုယ်ချစ်သူကို ဘေးနားမှာ အဆင့်သင့် ရှိနေခိုင်းမယ်။ ကျမတို ကမ္ဘာသစ်ထဲက ဧဒင်ဥယာဉ်ထဲကို သွားမယ်လေ.. အသစ်စစလူသားတစ်ယောက်အဖြစ် စတင်တဲ့အချိန်မှာ အသစ်စစ အချစ်တစ်ခုကို ဖြူဖြူစင်စင် စတင်ချင်ပါတယ်။ ချစ်သူနှစ်ယောက်ကြား ခွဲခြားဆက်ဆံနိုင်စေတဲ့ အရောင်တွေကို ကျမစွန့်ခဲ့မယ်။ အလွှာ၊ ဂုဏ်ဓန စသည့်ဖြင့်ပေါ့လေ အားလုံးကို စွန်လိုက်မယ်။ ချစ်တတ်တဲ့ ရင်ဘတ်တစ်ခုကိုဘဲ ဧဒင်ထဲကို သယ်လာခဲ့မယ်။
၂။ဘာတွေခံစားနေရမလဲ..
ရင်ခုန်နေမှာပေါ့ရှင်… သိပ်ကိုသေချာတယ်။ ဧဒင်ထဲကို ၀င်မယ့် အသစ်စစ လူသားတစ်ယောက် ဖြစ်ခွင့်ရဖို့ ရင်တွေသိပ်ကိုခုန်နေမှာပေါ့… ကမ္ဘာဦးမှာ လူတွေမဖန်တီးဘဲ တည်ရှိနေပါတယ်ဆိုတဲ့ ဧဒင်ဥယာဉ်ဆိုတာ ဘယ်လို မျိုးလည်းဆိုပြီး လျှောက်ပတ်ကြည့်ချင်လို့ စိတ်တွေ လောနေတယ်။ လူတွေမဖန်တီးဘဲ သဘာဝအတိုင်းတည်ရှိနေတဲ့အရာတွေကို ဦးစွာပထမ ကြည့်ခွင့်ရမယ့် အခွင့်ရေးဆိုတာ နည်းတဲ့အခွင့်ရေးမှ မဟုတ်တာရှင်။
၃။ ဘာတွေပြင်ဆင်ထား
ပိုင်ဆိုင်တာအားလုံးကို စွန့်လွတ်ဖို့ အဆင်သင့် ပြင်ဆင်နေမယ်။ လိုချင်တက်မက်မှု ၊ မနာလို ဖြစ်မှု ၊ မာနတရား၊ စွဲလန်းမှု၊ ပူပင်သောက တွေအပြင် လူသားပီသနေစေတဲ့ တဏာမီးတွေအားလုံးကို စွန့်နိုင်စေဖို့ ကျမ လေ့ကျင့်နေမယ်။ ကမ္ဘာဟောင်းက အကျင့်တွေ မပျောက်ပျက်ဘဲ ကျန်နေမှာစိုးလို့။ ကျမအတွက်လည်း ကမ္ဘာဦးသမီးပျို ၀တ်စုံတစ်စုံလောက် ရှာဝယ်ရအုံးမယ်.. ၀တ်လှစ်စလှစ် ပိတ်စပါးပါးလေး ကို ပတ် ပန်းလေးတစ်ပွင့် ပန်ထားတာမျိုးတော့ ကျမ ပုံတွေ မြင်ဖူးတယ် ။ ကျမက ပန်းလည်းမပန်တတ်ဘူး ။ ကမ္ဘာပျက်တဲ့အချိန်မှာ ကျမက အဆင်သင့် အဲဒီဝတ်စုံကို ၀တ်ပြီးသား ဖြစ်နေစေရမယ်။
၎။ ၀မ်းနည်းမိမှာက
ဒီကမ္ဘာပျက်စီးသွားရင် ပျက်စီးခြင်းထဲကို ပါဝင်သွားမယ့် ဘုရား၏ တရားတော်၊ ခေတ်အဆက်ဆက်က လူအသက် ပေါင်းမြောက်မြားစွာကို စတည်းပြီး တည်ထောင်ခဲ့ကြတဲ့ မြို့ပြတွေ၊ လူတို့၏ ပူဇော်ပသခံ အနှပညာလက်ရက်တွေ ၊ လူသမိုင်းကြောင်းကို ဖော်ညွန်းထားတဲ့ ပြတိုက်တွေအတွက် နှမြောမိတာအမှန်ဘဲ ။ ကျမက ဒီကမ္ဘာက မခွာရသေးတော့လည်း ကမ္ဘာသူလေး ပီသစွာ နှမြောတွန့်တိုတဲ့အကျင့် ခုတိတော့ ရှိနေသေးတာအမှန်ဘဲ။
၅။ကြောက်လန့်မိတာက..
ဒီ ကမ္ဘာကို ခေတ်အဆက်ဆက်က ပျက်စီအောင်လုပ်ခဲ့ကြတဲ့ လူဆိုးသူခိုးတွေ ကမ္ဘာသစ်ထဲ့ ပြောင်းရွှေ့လာမှာကို အကြောက်ဆုံးပဲ ။ သူတို့ကို ကျမက အလိုမရှိဘူး ။ စစ် နှင့် ဘာသာတရားက လူတွေကို ဖျက်စီးနေတယ်လို့ ကျမက မြင်တယ်။ လူလောဘ က တဆင့်ပွားလာတဲ့ အာဏာပါဝါတွေကြောင့် လက်ရှိကမ္ဘာစုတ်မှာ စစ် တွေ ဖြစ်ကြတယ်။ ဘာသာတရားတို့၏ အယူကြီးမှုကြောင့် အတ္တလွန်ကဲ့တဲ့ ဘာသာရေးစစ်တွေကို ကျမ ကမ္ဘာသစ်ထဲ ထပ်ဖြစ်လာမှာကို စိုးတယ်။ လူတစ်ယောက်၏ အသက်ကို တန်ဖိုးထားတဲ့ ကမ္ဘာသစ်လေး ဖြစ်ချင်တယ်။ မိန်းမတစ်ယောက်ရဲ့  တန်ဖိုးကို လူသားတစ်ယောက်၏ တန်ဖိုးဖြင့် တိုင်းတာတဲ့ ကမ္ဘာသစ်လေး
ဖြစ်ချင်တယ်။ လူအဆင့်တန်းခွဲခြားမှုတွေ မရှိချင်ဘူး။
၆။ဆောင်ထားချင်တာ..
ဆောင်ထားချင်တာက ဓါတ်လုံးတစ်လုံး ဒါမှမဟုတ် မှော်အတတ်တစ်လက်ကို ဆောင်ထားချင်တယ်။ ပြီးတော့ ဧဒင် အ၀င်ဝမှာ အခမဲ့ တာဝန်ထမ်းမယ်။ ၀င်လာသမျှ လူတွေကို စစ်ဆေးမယ့် ကြီးကျပ်ရေးမှူး တာဝန်ကို နေ့မအား ညမအား ထမ်းဆောင်မယ်။ ကျမက ဖန်ဆင်းခြင်းဆိုတာကို လက်မခံတော့လည်း ပင်ပန်းခံရတော့မပေါ့ရှင်။ အသားအရောင်မတူတဲ့ ဖန်ဆင်းခံရမှု၊ ဆင်းရဲခြင်း ချမ်းသားခြင်းတွေ တန်းမတူညီမျှမှု၊ အသိညဏ်မတူညီတဲ့ ဦးနှောက်များပိုင်ဆိုင်မှု၊ အတွေးခေါ်များလွန်ကဲ့ နက်နဲ့စွာ
တွေးခေါ်တတ်သူများ အား ကျမက ဓါတ်လုံးတစ်လုံးဖြင့် အားလုံးကို တန်းတူညီမျှ ဖြစ်စေမယ်။
၇။ဘာတွေရေးမိမလဲ..
စာတွေရေးမှာပေါ့ရှင် ။ ကဗျာတွေရေးမယ်။ သီးချင်းတွေ ရေးမယ် ။ တဂိုး ၀ိညဉ်လေးများ ငှားလို့ ရမယ်ဆိုရင် အချစ်ကဗျာလှလှလေးတွေ ပင်လယ်ကမ်းဘေးမှာ ထိုင်ရေးချင်ပါတယ်။ တဂိုးလိုမျိုး အသိညဏ်တွေ ကြွယ်ဝနေရင်တော့ ကျမ်းတစ်အုပ်လောက်ရေးချင်တယ်…
ဂ။တွေးမိတွေးရာ အတွေး
ဗယ်ဆင့်ဘင်ဂိုလိုမျိုး စတေးခံလူသားတွေအတွက် ကျမက ညစာလေး ပြင်ဆင်ချက်ပြုတ်ပေးချင်တယ်။ ငတ်ပြတ်ဆင်းရဲတွင်းထဲ သေဆုံးသွားတဲ့ လူတွေကို ညစာပါတီလေး ကိုယ်တိုင်ကိုယ်ကျ ပြင်ဆင်ပေးချင်တယ်။ ၀ိညဉ်များနှင့် ကခုန်ခြင်းတော့ မဟုတ်ဘူး ၀ိညဉ်များနှင့် ပျော်ရွင်ရယ်မောခြင်းပေါ့ လေ။ အားလူး မီးဖုတ်တော့ လုပ်ဖြစ်အောင်လုပ်မယ် ကြယ်တွေငိုတဲ့ လူတစ်ယောက်ကို စာအုပ်ဖတ်ရင်း သနားခဲ့မိလို့။
၉။ဂုဏ်ယူချင်တာက
အင်း ဂုဏ်ယူချင်တာက ဆိုတဲ့ စာလုံးတွေက လှောင်ပြောင်နေသလိုဘဲ ။ ကျမဘာမှာ ဂုဏ်ယူစရာကောင်းတဲ့ အလုပ်တစ်ခုမှ လူတွေအတွက် မလုပ်ပေးခဲ့ပါဘူး ။ ဒါက ရိုးသားစွာ ၀န်ခံတာလေ။ ဒါပေမယ့် ကျမ ဒီကမ္ဘာမြေပေါ်မှာ အသက်ရှင်လာရတဲ့ ကျေးဇူး ၊ လူဖြစ်လာရတဲ့ ကျေးဇူး၊ ကျမအမေ ဆက်ပေးခဲ့တဲ့ အသက်တစ်ချောင်းအတွက် ကျမက မမေ့တတ်တာလေးဘဲ ကျမ ဂုတ်ယူရ တော့မှာပေါ့ရှင်… တစ်ခုတော့ရှိတယ် မယ်မဒီကို ပစ်ချပေးလိုက်တဲ့ လောကဘုံလေးက သိပ်ကောင်းတဲ့နေရာလေး မဟုတ်ခဲ့ပေမယ့် မယ်မဒီက ကျလာတဲ့နေရာမှာ ခေါင်းငုံမခံဘဲ အာခံခဲ့တာကို ဂုဏ်ယူချင်ပါတယ်။ ကမ္ဘာ နှင့် ငါ ဘယ်သူပိုစောင်း မလည်းဆိုတဲ့ လူစားမျိုး ဖြစ်ရတာ ဂုဏ်ယူတယ်ရှင့် ….
၁၀။ရှာကြံဖြေသိမ့်မိတာက
ဆင်းရဲတွင်းထဲ တွင်းဆုံးကျနေသေးတဲ့ တိုင်းပြည်တွေအတွက်တော့ လွတ်မြောက်ခြင်းပေါ့ရှင်။
လူသားတိုင်း ခံစားခွင့်ရှိတဲ့ ရပိုင်ခွင့်တွေ မရတဲ့လူတွေအတွက်တော့ ကောင်းတာပေါ့ရှင်… ကမ္ဘာကန်ထဲကို လူတစ်စုဘဲ ခပ်ပြီးသောက်နေကြတာကို ။
၁၁။ကျူးရင့်ချင်တဲ့ ဥဒါန်း
ငါသည် ဤဘ၀မှ ကျွတ်လွတ်နိုင်မည်ဆိုပါက တစ်စုံတစ်ယောက်က ဖန်ဆင်းပေးနိုင်မည်ဆိုပါက ၊ ငါသည် မည်သည့်အလုပ်ကိုမှ အသက် ဆက်ရန်အတွက် မလုပ်ချင်သူ ဖြစ်ပါသည်။ ငါသည် မည်သူနှင့်မှလည်း ၀တ်ကျေတန်းကျေး စကားမျိုး ပြောခြင်း ဆက်ဆံခြင်းတွေ မလုပ်ချင် သူဖြစ်ပါသည်။ ငါသည် အလေ့အကျင့် ဖြင့် ပြုံးပြ နှုတ်ဆက်နေရသော ဘ၀ကိုလည်း မုန်းတီးနေသူ ဖြစ်ပါသည်။ ငါသည် လူမဖြစ်ချင်တော့ သူ တစ်ယောက် သာ ဖြစ်ပါသည်။ ဤသို့ ကျူးရင့်ခွင့်ရှိသည်ကိုပင် ဤပိုစ်လေး တက်လာတဲ့ နှင်းနဲ့မာယာ ကို ကျေးဇူးတင်ပါတယ်ရှင် ။ စိတ်ထဲရှိတာ အားလုံးရေးချလိုက်တော့လည်း ကျမရင်ဘတ်တွေ ပေါ့ပါးသွားပါတယ်။
ဒီဆိုက်လေးမှာတော့အမှတ်တရ လာတင်ပေးတာပါ ရှင် ။
မယ်မဒီ
ဓါတ်ပုံလေးကိုတော့ ဒီဆိုဒ်လေးက နေ ကူးယူထားပါတယ်ရှင် http://www.wga.hu/art/d/durer/2/13/2/042.jpg
ကမ္ဘာပျက်မယ် ဆိုရင်ပေါ့
Saturday, October 31, 2009 by sandar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment