နှစ်ဟောင်းကုန်တော့.........

Friday, January 1, 2010

၂၀၀၉ခုနှစ်ထဲမှာပေါ့
အမေက ဆန်ကုန်မြေလေးလို့ပြောတာကိုခံတာက ၁၀၁ ကြိမ်
သူငယ်ချင်းတွေနဲ့ အပြိုင်စိတ်ကောက်ရင်း လေလွင့်နေခဲ့တာကတစ်လတစ်ကြိမ်
ချစ်သူကပြစ်ထားလို့ စိတ်ကောက်ချင်ယောင်ဆောင်ရင်း မျှော်ရတာက တစ်နေ့၃ ကြိမ်
မနက်စာစားဖို့စဉ်းစားရင်း နေ့လည်စာနဲ့တစ်ထပ်တည်းကျခဲ့တဲ့နေတွေက အကြိမ်ကြိမ်
အိပ်ခါနီး မနက်ဖန်ငါဘာဖြစ်မလဲ တွေးမိတိုင်းသက်ပြင်းရှည်တွေချမိတယ်
မမြင်နိုင်တဲ့အနာဂတ်မှာ မကုန်နိုင်တဲ့မျှော်လင့်ခြင်းတွေက ခရီးရှည်တွေ
ဆောင်းညအေးစက်စက်မှာ မြက်ခင်းပြင်ပေါ်မှာလှဲရင်း အလွမ်းတေးတွေသီကြူးရင်း
အဓိပ္ပာယ်မဲ့ ကြယ်တွေကိုရည်တွက်မိတော့ ငါတို့ သက်တမ်းထက်များလွန်းနေသလား
တစ်နှစ်ပြီး တစ်နှစ်ကုန်လာတဲ့အချိန်တွေ.....
အသက်တွေကြီးလာတော့ မသိချင်လည်း သိနေရတဲ့လူ့စည်းကမ်းတွေ .
ရိုးသားပါတယ်ပြောတိုင်းမရ သူတို့အမြင်မှာသူတော်ကောင်းဖြစ်အောင်ဂရုစိုက်နေရတဲ့ပတ်ဝန်းကျင်.......
လူသူသူမ၀တ်နိုင်ရင် သူတို့သုံးသလို သူတို့နေသလိုမနေနိုင်ရင် ကိုယ်ကျင့်တရားက ထိန်းထားလည်း
ပျက်တယ်ထင်ကြတယ်
သူတို့လိုလိုက်မလုပ်ရင် သူတို့နဲ့ မတူရင် မိုးခါးရေမသောက်မိတဲ့ ဘုရင်ကြီးလို.....
သူတို့က ငါ့ကိုဝေဖန်ကြတော့မယ.်
ကဲဘယ်လိုလုပ်မလဲ.........ဒါတွေကိုဂရုစိုက်ရင်း ငါကုန်လွန်ခဲ့တာ ငါ့သက်တမ်းအခုဆို ၂၂ ပြည့်တော့မယ်
ကဲဘယ်လိုလုပ်မလဲ........ ဒီနေ့ဟာနှစ်သစ်...ငါဘယ်လိုရပ်တည်မလဲ..ငါကအရေးကြီးလား သူတို့ကအရေးကြီးလား.............နေပါကွာ.....
၂၀၁၀ မှာ ငါရိုးသားတာရယ် ငါဖြူစင်တာရယ် ငါသိရင် ပြီးပြည့်စုံပြီ...မင်းမသိလည်းနေပါစေတော့.......

ဆက်ဖတ်ချင်သေးရင် ...

ဆိုကြမယ်ပျော်ကြမယ် ( WWKM)

Monday, November 23, 2009


မင်္ဂလာပါရှင်..

ကျေးဇူးပြု၍ စာအရင်ပြီးအောင်ဖတ်ပြီးမှ သီချင်းလေးဖွင့်နားထောင်ကြပါနော်။ တော်ကြာ မထင်မှတ်ပဲ အသံကြားရင် လန့်သွားနိုင်လို့ပါ။ :D

ကျမ လွန်ခဲ့တဲ့ရက်အနည်းငယ်က မောင်ငယ်တစ်ယောက်ရဲ့ Tag Post လေးကိုရေးပေးဖို့ Tag ခံရပါတယ်ရှင်။ ဒီတခါ Tag post က လက်နဲ့ ရေးရုံမဟုတ်ပဲ ပါးစပ်နဲ့ပါဆိုရမှာပါတဲ့ရှင်။ ဖြစ်ပုံဖြစ်ပုံ.. တော်တော်ဆိုးတဲ့ကလေး.. ကိုယ့်အစ်မကြီးကို မညှာမတာ ၊ သူဟာသူ ကောင်မလေးတွေ ( ညီမလေးတွေ)ကို Tag ရမှာကြောက်တိုင်းနဲ့ ကိုယ့်အစ်မအပေါ် ဘိုကျတာလေ။ တကယ်တော့ သူက အသံသိတ်ကောင်းတော့ အသံကောင်းကြောင်းကြွားချင်တာလေ..အဟားး နာသိသားပဲ ။ :P အစ်မဖြစ်သူက ဓါတ်ပုံတွေတင်ပေးလဲ သူတို့ မှာဖြင့် မစွန်နိုင်ကြတော့ " တားတာကရုပ်မလှပေမယ့် အသံလေးတော့ကောင်းပါတယ်ဗျာ" ဆိုပြီးကြော်ငြာချင်တာလဲပါတယ်လေ။ အသံကတော့ တော်တော်ကောင်းပါတယ်ရှင်။ L လွန်းဝါ ထိုင်ငိုရလောက်အောင် Feel အပြည့်နဲ့ဆိုထားတာလေ။ ဘာတဲ့
" ပြန်မလာတော့ဘူး.......... " ဆိုလား။ ပြန်လာလို့လဲဘယ်ရမှာတုန်း သူ့မှာရည်းစားမှ မရှိတာလေ။ အဟေး ( မှတ်ပြီလား.. နာ့ကို သီချင်းဆိုခိုင်းဦး) ။

အလကား စ တာပါ မောင်ခြေခြင်းချိတ်ရာရေ.. အဲ..အဲ.. မောင်ချစ်ခြင်းခြေရာရေ။ မောင်လေးက သီချင်းဆိုတာအဆိုပိုင်သလို ၊ အသံလေးကလဲ အလွန်ကောင်းပါတယ်ကွယ်။ ဒီလိုလုပ်လေ... ဆရာဝန်မလုပ်ပဲ အဆိုတော်လုပ်ရင် ကြီးပွားနိုင်တယ်။ ဖြူဖြူကျော်သိန်း လိုပေါ့။ :P ခြေခြင်းချိတ်ရာဆိုပြီး ဇီးသီးပဲ ထုတ်တော့ ..ဟဟားးး ( ကဲ.. မှတ်ပြီလား.. နာ့ကို ဒုက္ခပေးတာ နာနာပြန်တွယ်ထားတယ်။) :P

ဒီမှာဖြင့် သူ့တက်ဂ်ပို့စ်တင်နိုင်ဘို့ မစားနိုင်၊ မသောက်နိုင် ၊ တူနှစ်ကိုယ်တိုင်းပြည်လေး ဆက်ရေးဘို့တောင် မုဒ်ဘယ်ရောက်သွားမှန်းမသိလို့ ဆားတွေချက်နေလိုက်ပြီး သီချင်းဆိုလေ့ကျင့်နေရတာ ၊ ဘယ်လိုဆိုဆို အဆင်မပြေ ၊ ဟေမာနေ၀င်း တွေရော၊ မီမီဝင်းဖေ တွေရော ၊ ထွန်းအိန္ဒြာဗိုလ်တွေရော ၊ ရတနာဦးတွေရော ချောစုခင်တွေရော အစုံ လေ့ကျင့်ရ ၊ရှာရ. လုံးဝ အဆင်မပြေ ...နောက်ဆုံးတော့ မတတ်နိုင်တော့ဘူး .. အဲ့ဒီအကြွေးမကျေမချင်း stress ရနေပြီ ၊ မြန်မြန်ပြီးအေးရော လို့ သဘောထားပြီး လွန်ခဲ့တဲ့၁၂နှစ်က ဆိုခဲ့ဘူးတဲ့ သီချင်းလေးတစ်ပုဒ်ကိုပဲ ဆိုဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်ရှင်။ သီချင်းလေးက အမျိုးသမီးတေးသံရှင်ချိုပြုံး ဆိုတာပါ။ ဒါပေမယ့် ဒီဆိုက်မှာ ချိုပြုံးသီချင်းကမရှိပဲ အမျိုးသားအဆိုရှင် ရန်အောင်ဆိုထားတာပဲရှိနေတာမို့ ကီးမြင့်မြင့်ကိုပဲ ရသလောက်လေး ၊ ဆိုတတ်သလိုလေး ဆိုထားလိုက်ရပါတယ်ရှင်။ :D

သီချင်းကို ၅ ခါလောက်ဆိုခဲ့ပါတယ်။ ကီးကိုက်ရင် အသံမငြိမ်ပါဘူးရှင်၊ အဲဒီလိုဆိုတော့ ကီးမကိုက်တော့ အသံငြိမ်လားဆိုတော့ ..ဟီးဟီး အသံတုန်ပါတယ်ရှင်။ တစ်ခုမှ မကောင်းတဲ့အသံသွင်းထားမှုတွေထဲက အတန်အသင့် အဆင်ပြေမယ်ထင်တာလေးကိုပဲ Tag post လေးပြီးသွားအောင် တင်လိုက်ရပါတယ်ရှင်။ :D
ဟဲ..ဟဲ..ရန်အောင်မျက်နှာကြီးနဲ့ မီးမီးဆိုတာပေါ့။ :P

နားထောင်အားပေးသွားကြပါဦးနော်။ :D :D



ဟုတ်ကဲ့..သည်းခံပြီးနားထောင်ပေးသွားလို့ ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ :P

မောင်ငယ်ချစ်ခြင်းခြေရာလေးရဲ့ အသံက အလွန်ကောင်းပါတယ်ရှင် ဒီမှာသွားလည်ပြီး အားပေးလိုက်ကြပါဦးနော်။ ( မောင်လေး.. အစ်မ ကြော်ငြာလဲဝင်ပေးတယ်နော်. စိတ်မဆိုးနဲ့ ။ ) :P

ကဲ..ကျမလဲ ခေါင်းတော်တော်စားသွားတယ်။သီချင်းမဆိုတာ စဉ်ပေါ်မတက်တာကြာပြီလေ။ အဟဲ..:P :P စဉ်ပေါ်တက်ဖူးလို့လားဆိုတော့ တက်ဖူးပါတယ်လို့ ပြောရမှာပေါ့နော်။ :D တက္ကသိုလ်ပထမနှစ်က စဉ်ပေါ်တက်ပြီး “ဟေမာနေ၀င်းရဲ့ မောင်” ကိုဆိုခဲ့ဘူးတယ်။ :P
ရန်ကုန်တက္ကသိုလ်ရောက်တော့ အခုသီချင်းလေးဖြစ်တဲ့ “တိမ်လွှာမို့မို့လွင်”ကို ဆိုခဲ့ဘူးတယ်။ နောက်ပြီးရန်ကုန်ဆေးရုံကြီးမှာ ၊ မောင်နဲ့တွဲပြီး “ပထမဆုံးနေ့” သီချင်းကိုဆိုပြီး လူနာတွေကိုဖျော်ဖြေခဲ့ဘူးပါတယ်။ အဟီးးး ( လူနာတွေက သီချင်းနားထောင်ပြီး အိပ်ပျော်ကုန်ရော၊ အဲဒီလောက်ကောင်းခဲ့တာ ၊ အဟေး !;;! )။ ပြောပြရဦးမယ် ကြုံတုန်းနော်. ကျမကသာအသံမကောင်းတာ ၊မောင်က ဆို၊က၊ရေး၊တီး တိုင်းအဆင့်မှာ သီချင်းကြီးနဲ့ ဒုတိယဆု ရခဲ့ဘူးပါတယ်။ ကျွန်း ကျွန်း ပိုင် သ သီချင်းနဲ့လေ။ :P



ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

လေးစားခင်မင်စွာနဲ့
ဝါ၀ါခိုင်မင်း

ဆက်ဖတ်ချင်သေးရင် ...

သူငယ်ချင်းကောင်းမိတ်ဆွေကောင်း (WWKM)

Tuesday, November 17, 2009

ဘ၀အမောတွေပြေစေနိုင်ဘို့ ၊ စိတ်ဓါတ်ကျနေချိန်မှာ ခွန်အားတွေပေးနိုင်ကြစေဖို့ ၊ အားငယ်နေချိန်မှာ အားပေးနိုင်တဲ့လက်များစွာရှိနိုင်ဘို့ လူတိုင်းလူတိုင်းမှာ သူငယ်ချင်းကောင်း ၊မိတ်ဆွေကောင်းတွေလိုအပ်ကြပါတယ်ရှင်။ကိုယ့်ဘေးနားမှာ သူငယ်ချင်းကောင်းတွေရှိနေခဲ့ပြီဆိုရင် သူငယ်ချင်းကောင်းတွေနဲ့ စိတ်ဝမ်းမကွဲရလေအောင် တန်ဖိုးထားပေါင်းသင်းကြရမယ့်အပြင် နောက်ထပ်သူငယ်ချင်းမိတ်ဆွေ အသစ်တွေပွားများလာရလေအောင် ကိုယ့်ရဲ့ Social network ကိုချဲ့ဘို့လိုပါလိမ့်မယ်။ ကိုယ့်ရဲ့ Social network ကိုချဲ့ချင်ကြတယ်ဆိုရင်တော့ သူငယ်ချင်းမိတ်ဆွေအပေါင်းအသင်းသစ်တွေကို စပေါင်းပြီဆိုကတည်းက ရင်းနှီးပွင့်လင်းစွာ ဆက်ဆံရတော့မှာဖြစ်ပါတယ်....

ကျွန်မငယ်ငယ်တုန်းက အပေါင်းအသင်း များများစားစားမပေါင်းသင်းတတ်ခဲ့ပါဘူး... ကျွန်မမှာ အခင်ဆုံး အတွဲဆုံး သူငယ်ချင်း ၃၊ ၄ ယောက်မှလွဲပြီး တခြားသူတွေကို ခင်ခင်မင်မင် မပေါင်းသင်းတတ်ခဲ့တာပါ။ငယ်ငယ်က ကျွန်မရဲ့အပေါင်းအသင်းအခင်မင်ဆုံးသူငယ်ချင်းဟာ ကျွန်မနဲ့အတူစာကျက်ဖော် သူငယ်ချင်းယောကျာင်္းလေး နှစ်ယောက်သာဖြစ်ခဲ့ကြောင်းကို ကျွန်မအရင်ရေးခဲ့တဲ့ “သူငယ်ချင်း ၃ယောက်ရှိလေသည်” ဆိုတဲ့ ပို့စ်လေးမှာရေးခဲ့ဘူးပါတယ်... ကျွန်မတို့ သူငယ်ချင်း ၃ယောက် အရမ်းတွဲဖြစ်ခဲ့တာကလည်း ၃ယောက်စလုံးဟာ ကျောင်းဆရာ၊ဆရာမ သားသမီးတွေဖြစ်ပြီး ငယ်ငယ်ကတည်းက အတန်းတူ သူငယ်ချင်းတွေဖြစ်ခဲ့ကြလို့ပါပဲ။ ကျွန်မငယ်ငယ်က စကားအရမ်းနည်းသူမို့ အပေါင်းအသင်းလည်း သိတ်မပေါင်းတတ်ခဲ့တာပါပါတယ်... ငယ်ငယ်က ဆယ်တန်းနှစ်အထိအတူတွဲခဲ့တဲ့ အဲဒီသူငယ်ချင်း ၂ယောက်ကတော့ ကျွန်မအတွက် တကယ့်သူငယ်ချင်းကောင်းလေးတွေဖြစ်ခဲ့ကြပါတယ်ရှင်။ ကျန်းမာရေးမကောင်းလို့ စာမေးပွဲနီးတိုင်း ဆေးရုံတက်ရတဲ့ ကျွန်မကို အားမငယ်ရလေအောင် လိုအပ်တဲ့ ကျောင်းစာတွေကူးပေး ၊ ကျွန်မအပေါ် မောင်နှမအရင်းတွေလို လိုအပ်တာတွေ သွန်သင်ဆုံးမကူညီပေးတတ်ခဲ့ကြတာမို့လဲ ကျွန်မရဲ့သူငယ်ချင်းလေးတွေကို ကျွန်မအခုအထိ မေ့မရခဲ့ပါဘူး။ကျွန်မရဲ့ဘ၀မှာ အမှတ်ရစရာတကယ့်သူငယ်ချင်းကောင်းလေးတွေ ဖြစ်ခဲ့ကြပါတယ်ရှင်။

လောကမှာ ကိုယ့် အတွက်မိတ်ဆွေ သုံးမျိုး ရှိတယ်လို့ ဆရာ နန္ဒသိန်းဇံကခရီးသွားဆောင်းပါးတစ်ခုမှာရေးထားတာ ဖတ်ဖူးလိုက်ပါတယ်ရှင်။

ပထမမိတ်ဆွေက ကိုယ့် ကို ချစ်တဲ့သူ။
ဒုတိယအမျိုးအစားမိတ်ဆွေက ကိုယ့်ကို မုန်းတဲ့ သူ။
တတိယအမျိုးအစားမိတ်ဆွေက တော့ ကိုယ့်ကိုဥပေက္ခာ ပြု ထားတတ်တဲ့ သူ တို့ပဲဖြစ်ပါတယ်....

ပထမမိတ်ဆွေအမျိုးအစား ဖြစ်တဲ့ ကိုယ့်ကိုချစ်တဲ့သူတွေနဲ့ တွေ့ဆုံတဲ့အခါမှာ ကိုယ်စိတ်နှလုံး ချမ်းမြေ့ကြည်ရွှင်ရတဲ့အတွက် ကျေးဇူးတင်ထိုက်တယ် တဲ့ ။
ဒုတိယမိတ်ဆွေအမျိုးအစား ဖြစ်တဲ့ ကိုယ့်ကိုမုန်းတဲ့သူ (ကိုယ့်အကျိုးမလိုလားတဲ့သူ) မျိုးနဲ့တွေ့ဆုံတဲ့အခါမှာ ကိုယ်ဟာ သတိရှိတဲ့သူ ၊ သတိမြဲမြံတဲ့သူဖြစ်လာတယ်တဲ့ ….။ ဘာဖြစ်လို့လဲဆိုရင် ကိုယ့်ကိုမုန်းတဲ့သူဆိုတော့ … ကိုယ့်ရဲ့အားနည်းချက် ၊ ကိုယ့်ရဲ့ ချွတ်ယွင်းချက်ကို စောင့်ကြည့်နေတတ်တယ်ဆိုတော့ ကိုယ်ကလဲ ပြန်ပြီး သတိထားနေရတယ်လေ၊ အဲဒီလို သတိထားနေရင်း သတိရှိလာတဲ့သူ ဖြစ်လာတဲ့အတွက် ကျေးဇူးတင်ထိုက်ပါတယ် တဲ့ ။
တတိယမိတ်ဆွေအမျိုးအစားဖြစ်တဲ့ ကိုယ်ဘာဖြစ်ဖြစ် ဆင်းရဲရဲ ချမ်းသာသာ၊ ဘာခံစားမှု့မှမဖြစ်ဘဲ ကိုယ့်ကို ဥပေက္ခာပြုထားတဲ့သူမျိုးနဲ့ တွေ့ကြုံ ရတဲ့ အခါမှာတော့ ကိုယ်ဟာကိုယ် အားကိုယ်တတ်သူ ဖြစ်လာတဲ့အတွက် ဒီလိုကိုယ့်ကိုဥပေက္ခာပြုတဲ့သူကိုလည်း ကျေးဇူးတင်ထိုက်ပါတယ်လို့ ရေးသားထားခဲ့ပါတယ်ရှင်။

လူဟာ မကောင်းတဲ့ မနှစ်သက်ဖွယ်ဖြစ်တဲ့ အကျင့်စရိုက်ဆိုး ရှိကြသူတွေရဲ့ ၀န်းကျင်မှာ လူဖြစ်လာပေမယ့် အကျင့်စရိုက်ကောင်းရှိ သူဟာ ကိုယ်ဝန်းကျင်က မကောင်းမှုတွေ၊ မကောင်းသူတွေနဲ့ လိမ်းကျံ ရောယှက်မသွား ထိုက်ပါဘူးတဲ့.... အကျင့်စရိုက်ကောင်းရှိသူဟာ ကိုယ့်ဝန်းကျင်ကဘယ်လောက်ဘဲ မကောင်းပေမယ့် ကိုယ်ကတော့ ကောင်းမွန်ဖြောင့်မတ်သူ အဖြစ် လူ့လောကမှာရပ်တည်နေဖို့ ကြိုးစားသင့်ကြောင်းကိုလည်း ဆရာနန္ဒသိန်းဇံက ရေးသားထားခဲ့တာလေးတွေဟာ တကယ်တန်ဖိုးရှိတဲ့ စာသားလေးတွေဖြစ်တာမို့ ကျွန်မမှတ်သားထားခဲ့ဘူးပါတယ်....

ကျွန်မဟာ ငယ်ငယ်က အပေါင်းအသင်းနည်းခဲ့ပေမယ့် အချိန်တန်အရွယ်ရောက်ပြီး တက္ကသိုလ်တက်ရတော့ မြို့နယ်ပေါင်းစုံကလာတဲ့ အပေါင်းအသင်းပေါင်းစုံ ၊ စရိုက်ပေါင်းစုံကို တတ်နိုင်သလောက် အဆင်ပြေအောင် ပေါင်းသင်းတတ်သွားခဲ့ပါတယ်.... တက္ကသိုလ်ကျောင်းသူကျောင်းသားတွေဆိုတော့ များသောအားဖြင့် စိတ်ဓါတ်မြင့်မြတ်ပြီး ခင်မင်စရာကောင်းတဲ့သူတွေ နဲ့ စိတ်သဘောထားပြည့်ဝတဲ့သူတွေများပါတယ်...ကျွန်မတို့စာသင်နှစ်မှာ ကျောင်းသူ ၊ကျောင်းသားတွေကလည်း အရမ်းနည်းခဲ့တာမို့ အရမ်းစည်းလုံးပြီး ခင်မင်ခဲ့ကြပါတယ်...ကျွန်မ ပြည်ကောလိပ်တက်တော့ ၊တက္ကသိုလ် ပထမနှစ်မှာပဲ ကျွန်မနဲ့မေဂျာတူ ၊အတန်းတူ၊ ကျွန်မအပေါ်အရမ်းကောင်းတဲ့ ၊ညီအစ်မတွေလိုချစ်ခင်ရတဲ့ သဘောထားဖြူစင်သူ သူငယ်ချင်းတစ်ယောက်ရှိခဲ့ပါတယ်... သူမနဲ့ ကျွန်မဟာ အတန်းတက်ကြရင်လဲအတူတူ အတန်းလစ်ကြရင်လဲအတူတူ ၊ အဆောင်မတူပေမယ့် ကျောင်းသွားတိုင်းကျွန်မအဆောင်ရှေ့မှာလာစောင့်ပြီး အတူတူသွားခဲ့ကြပါတယ်.... ကျွန်မကလည်း သူမကို အရမ်းချစ်ခင်ခဲ့တာပါ။သူမက ကျွန်မထက် အသက်၁နှစ်ကျော်ပိုကြီးသူမို့ ကျွန်မက သူမကို မ.... ဆိုပြီးခေါ်ခဲ့တာပါ။ ကျွန်မက ပြည်ကောလိပ်တုန်းက လူချစ်လူခင်များခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်...အခုတောင် တခါတလေ ကျွန်မရဲ့စီဘုံးမှာ ပြည်ကောလိပ်ကသူငယ်ချင်းတွေ လာအော်နှုတ်ဆက်တတ်ကြပါသေးတယ်... လူချစ်လူခင်များဆိုလို့ သိတဲ့သူတွေသိပြီးကြတဲ့အတိုင်း ပြည်ကောလိပ်ပထမနှစ်မှာ ကျွန်မကမေဂျာကွင်းအရွေးခံခဲ့ရလေတော့ ၊ မမခင်ဦးမေပြောတဲ့ ၂၂နှစ်အရွယ်လည်းဖြစ်ခဲ့လေတော့ ခင်မင်သူအပေါင်းအသင်းများစွာရှိခဲ့ပါတယ်ရှင်။ နောက်ပြီး ဆရာမကလည်းချစ်တော့ ဘောလီဘောအားကစားပွဲတွေမှာဆိုရင် ကျွန်မကို Team captain ခန့်ပြီး ကစားစေခဲ့တာမို့ အမြဲရှုံးခဲ့ပါတယ်.. အဲ..ဟုတ်ပါဘူး.. အပေါင်းအသင်းတွေ ပေါခဲ့ပါတယ်ရှင်.။ :Dအဲဒီလို ခင်မင်စရာကောင်းတဲ့ အပေါင်းအသင်းများစွာနဲ့ ပျော်စရာကောင်းနေတဲ့ စာသင်နှစ် ၃နှစ်ကိုဖြတ်လာပြီး ၊ နောက်ဆုံးနှစ်စာသင်နှစ်အရောက်မှာ ကျွန်မရဲ့အခင်ဆုံးသူမ ၊ အမြဲတွဲတဲ့သူငယ်ချင်းရဲ့ စိတ်ကွက်ခြင်းကိုခံခဲ့ရတာမို့ ကျွန်မအခုအထိမမေ့နိုင်အောင်ရှိနေခဲ့ရပါတယ်... ကျွန်မသူမကို မကြာခဏသတိရနေတတ်ပါတယ်... တခါတလေသူမအကြောင်း အိပ်မက်တောင်မက်တတ်ပါသေးတယ်ရှင်။သူမ ကျွန်မအပေါ် စိတ်ကွက်သွားရတဲ့ အကြောင်းရင်းလေးက သူစိတ်ဝင်စားနေတဲ့သူငယ်ချင်းကောင်ကလေးက ကျွန်မကိုလိုက်ခဲ့လို့ပါပဲ ၊ ကျွန်မကလည်း သူမကို ဒီတက္ကသိုလ်မှာ ကျွန်မချစ်သူရည်းစားထားမှာ မဟုတ်ကြောင်း ၊ ကျွန်မကိုလိုက်နေတဲ့သူငယ်ချင်းကောင်ကလေးကို ကျွန်မတကယ်ပဲ စိတ်မ၀င်စားမိပါကြောင်းပြောပြပေမယ့် သူမကျွန်မကို သိသိသာသာစိတ်ကွက်သွားတာကို ကျွန်မခံခဲ့ရတာပါ။ သူမဟာ ကျွန်မရဲ့သူငယ်ချင်းကောင်း၊ဘာပဲဖြစ်ဖြစ်ကျွန်မလိုအပ်ရင် ၃နှစ်လုံးလုံး ကျွန်မကို အကူအညီ ပေးတတ်ခဲ့ဘူးတဲ့ တကယ့်မိတ်ဆွေကောင်းတစ်ယောက်ပါ။ ဒါပေမယ့် သူမရဲ့စိတ်ကွက်ခြင်းကိုကျွန်မခံခဲ့ရပြီး နောက်ဆုံးနှစ်တစ်နှစ်လုံး ကျွန်မစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ ကျောင်းပြီးလို့ ဘွဲ့ယူကြတဲ့အချိန်မှာတွေ့ကြပေမယ့်လည်း အရင်တုန်းကလို ရင်းနှီးခင်မင်မှုတွေမရှိခဲ့တော့တာကို ကျွန်မတော်တော်လေးခံစားခဲ့ရဘူးပါတယ်ရှင်။ အဲဒါ ဘယ်သူ့အပြစ်ဖြစ်မလဲ ဆိုတာကိုတော့ ကျွန်မလည်းမတွေးတတ်အောင်ပဲရှိနေခဲ့ပါတော့တယ်...ဒီလိုပါပဲလေ သူငယ်ချင်းကောင်းမိတ်ဆွေကောင်းတွေနဲ့ ကံအကျိုးဆက်ပါရင်လည်း တသက်လုံးခင်ခင်မင်မင်ပေါင်းသင်းနိုင်ကြမယ် ၊ မထင်မှတ်ပဲ စိတ်ကွက်စရာလေးတွေ ရှိလာခဲ့ကြရင်လဲ ဝေးကွာပြီး မုန်းသွားနိုင်ကြတတ်တာတွေကို အခုအသက်အရွယ်မှာ ကျွန်မအများကြီးကြုံတွေ့ခဲ့ရဘူးပါပြီ...

အခု ကျွန်မမှာ ကျွန်မရဲ့ဘ၀အမောတွေကိုမျှဝေခံစားပေးနေကြတဲ့ ၊ ကျွန်မရင်ထဲမှ အမှတ်တရလေးတွေကို ကောင်းကောင်း ဆိုးဆိုး လာရောက်အားပေးပြီးဖတ်ပေးကြတဲ့ ဘလော့ဂါမောင်နှမမိတ်ဆွေများစွာ၊ စာဖတ်သူမိတ်ဆွေများစွာရှိနေခဲ့ပါပြီ။ ဒီမောင်နှမတွေအားလုံးကို ကျွန်မနောက်ဆုံးစာရေးမယ့် ၂၀၁၀ နယူးရီးယား (သို့)၂၀၁၀၊ ၃လပိုင်းကုန်အထိ တစ်ဦး၊တစ်ယောက်နဲ့မှ အခင်အမင်မပျက် ၊စိတ်ဝမ်းမကွဲစေကြပဲ ခင်ခင်မင်မင် ၊ပျော်ပျော်ရွှင်ရွှင်လေးနဲ့ပဲ အမုန်းမပါတဲ့ ခွဲခွါခြင်းလေးနဲ့သာ ဘလော့ဂင်ခြင်းကို အဆုံးသတ်ချင်ပါတယ်ရှင်။အားလုံးဟာ ကျွန်မရဲ့သူငယ်ချင်းကောင်းတွေ ၊မိတ်ဆွေကောင်းလေးတွေဖြစ်ကြပါတယ်... မောင်နှမတွေအားလုံးကို ကျွန်မခင်ပါတယ်... ကျွန်မရဲ့စီဘုံး နဲ့ကွန်မန့်မှာ အမှတ်တရ messageကလေးတွေလာရေးပေးကြတဲ့ ကျွန်မရင်းနှီးပြီးသောမောင်နှမတွေအားလုံးနဲ့ ၊ ကျွန်မနှင့် မသိသေးသော မောင်နှမတွေအားလုံးကို ကျွန်မခင်ပါတယ်။လာနှုတ်ဆက်သွားတဲ့သူတိုင်းကို ကျွန်မကြိုးစားပြီး ပြန်လည်နှုတ်ဆက်ခဲ့ပါတယ်... တခါတလေတော့လည်း အကြောင်းကြောင်းတွေကြောင့် ပြန်လည်မနှုတ်ဆက်မိတာလေးတွေလည်းရှိခဲ့တတ်ပါတယ်.... ဘလော့ဂါမောင်နှမ အသစ်တွေ ၊အဟောင်းတွေ ရယ်လို့လဲကျွန်မမခွဲခြားတတ်ပါဘူး။ အခုမှ စာစရေးတဲ့ ၊ကျွန်မစီဘုံးမှာလာရောက်နှုတ်ဆက်သွားတဲ့ ဘလော့ဂါအသစ် မောင်နှမလေးတွေအားလုံးကိုလဲ ကျွန်မအတတ်နိုင်ဆုံး သွားရောက်အားပေးတတ်ခဲ့ပါတယ်... တချို့တွေကျတော့လည်း ကွန်နက်ရှင်ကြောင့်ဝင်လို့မရခဲ့တာတွေရှိခဲ့တတ်တာမို့လည်း နားလည်ပေးနိုင်ကြမယ်လို့ မျှော်လင့်မိပါတယ်...

နောက်တစ်ခုက ကျွန်မကိုဘလော့ဂါမောင်နှမတွေ တော်တော်များများ ၊ စာဖတ်သူတွေတော်တော်များများ ဂျီတော့မှာအင်ဗိုက်လာကြတာမို့ နာမည်သိရင်တော့ ကျွန်မအတတ်နိုင်ဆုံးလက်ခံဖြစ်ခဲ့ပါတယ်.... ဒါပေမယ့် ကျွန်မက accept လုပ်ပြီး အွန်လိုင်းမှာတွေ့ကြရင် တစ်ခါ ၊နှစ်ခါလောက် နှုတ်ဆက်စကားပြောပြီးတာနဲ့ အားလုံးကို ကျွန်မ block ပြန်လုပ်ဖြစ်ခဲ့ပါတယ်.. ဒီလိုလုပ်တာ တစ်ဦးတစ်ယောက်ထဲကိုလုပ်တာမဟုတ်ပဲ..အားလုံးကို လုပ်ခဲ့တာမို့ မောင်နှမတွေအားလုံးကျွန်မကို နားလည်ပေးကြပါစေလို့ ဆုတောင်းမိပါတယ်...... အရေးကြီးတဲ့အချိန်မှာဆက်သွယ်ချင်ရင်တော့ ပြန်ပြီး unblock လုပ်ပြီးပြောဖြစ်ပါတယ်.. ဒါကြောင့်မို့ မောင်နှမတွေရဲ့မေးလ်လေးတွေကို ကျွန်မခင်မင်စွာလက်ခံပြီးသားဖြစ်တာကြောင့် လိုအပ်ကြရင် စာရေးဆက်သွယ်နိုင်ကြပါတယ်။ များသောအားဖြင့် ကျွန်မအွန်လိုင်းလည်း သိတ်မဖွင့်ဖြစ်ပါဘူး။ အွန်လိုင်းဖွင့်ပြီး ချက်တင်ဝင်နေရင်လည်း ကျွန်မရေးချင်တဲ့စာတွေရေးဘို့ အချိန်ရတော့မှာမဟုတ်သလို၊သမီးလေးကိုပြုစုစောင့်ရှောက်ဖို့ အချိန်လိုအပ်တာကြောင့် အွန်လိုင်းကို မဖွင့်ဖြစ်ခဲ့တာများပါတယ်ရှင်။ အားလုံးနားလည်ပေးနိုင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်... အရေးတကြီးပြောစရာရှိရင် စာရေးဆက်သွယ်လာကြဖို့ ဖိတ်ခေါ်အပ်ပါတယ်နော်.. ဒီအတွက်ကျွန်မအပေါ် စိတ်မကွက်စေချင်ကြပါဘူး။ ဘလော့ဂါမောင်နှမတွေ နဲ့ စာဖတ်သူတွေအားလုံးဟာ ကျွန်မရဲ့ဘ၀မှာ အမှတ်တရအဖြစ်အမြဲရှိနေမယ့် ၊ကျွန်မစာမရေးတော့မယ့် အချိန်တွေမှာတောင် ရင်ထဲမှာဘယ်တော့မှ မေ့နိုင်တော့မှာမဟုတ်တဲ့ ၊ သူငယ်ချင်းကောင်း ၊မိတ်ဆွေကောင်းတွေဖြစ်ကြတယ်ဆိုတာကို ဒီပို့စ်လေးရေးရင်း မှတ်တမ်းတင်လိုက်ပါတယ်ရှင်...

ဒီပို့စ်လေးကိုရေးပေးဘို့ တက်ဂ်လာတဲ့ ညီမလေးမိုးခါး ကျေနပ်နိုင်ပါစေလို့...

အားလုံးပဲကျန်းမာပျော်ရွှင်ကြပါစေ.

အားလုံးကိုလေးစားခင်မင်လျှက်

WWKM

ဆက်ဖတ်ချင်သေးရင် ...

လူဆိုတာ ချစ်ဖို့ဖြစ်လာတာ

Saturday, November 7, 2009

လူရယ်လို့ စတင်ခဲ့ကတည်းက ငါတို့အချစ်ကိုရခဲ့တယ်...
အူဝဲလို့ စူးစူးလေးအော်သံကိုကြားတော့ မွေးခန်းအပြင်က ဖေဖေကစချစ်တယ်
မျက်လုံးလေးပိတ်ပြီး နီတာရဲလေးဘ၀နဲ့ မေမေ့အနား ဆရာမကချပေးလိုက်တော့ မေမေကချစ်ပြန်တယ်
အချိုးအစားမကျ လိုအပ်တာတွေကို ကြည့်ရှု့ပြီး အတွေ့အကြုံရှိတဲ့ ဘွားဘွားတွေက လက်ကမချချစ်ကြပြန်တယ်
မချီတက်ချီတက်နဲ့ ခလေးငယ်ငယ် ဘယ်နားဘယ်လိုကိုင်ရမယ် မသိပေမဲ့ ဘိုးဘိုးတွေက ချစ်ကြချီကြပြန်တယ်
နာမည်ပေးဖို့ တစ်ယောက်တစ်ခွန်း စကားရည်လုနေတတ်တဲ့ ဦးဦးဒေါ်ဒေါ်တွေကလည်း ချစ်တာပဲ
မပီစကားစဆိုတော့လည်း လူကြီးတွေက ချစ်ကြတာပဲ.... ကျောင်းကဆရာမှ နပ်တွဲလောင်းလေးကို ပြုစုယုယရင်း
အချစ်တွေပေးကြပါတယ်...အရွယ်ရောက်တော့လည်း ချစ်သူက ချစ်တာပဲ.... အပေါင်းအသင်းတွေနဲ့လည်း ရင်းရင်းနှီးနှီးနောက်ကြပြောင်ကြ ချစ်ကြ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ပေါ့...............ဒီတော့ ငါတို့ကလည်းချစ်တတ်၇မယ်....ငါတို့ပတ်ဝန်းကျင်ကိုလည်းချစ်ရမယ် တိုင်းပြည်ကိုလည်းချစ်ရမယ် ....ငါတို့လူမျိုးတွေကိုလည်းချစ်ရမယ်လေ..... ဘာကြောင့်လဲဆိုတော့ လူဆိုတာ ချစ်ဖို့မွေးလာတာမို့ပါ

ဆက်ဖတ်ချင်သေးရင် ...

ကမ္ဘာမပျက်ခင် တစ်လအလို (WWKM)

Thursday, November 5, 2009

"ကမ္ဘာပျက်ခါနီး တစ်လလောက်အလို" တဲ့ မအိန္ဒြာက တက်ဂ်လာတဲ့အတွက် တက်ဂ်ပို့စ်လေးကိုရေးဘို့ စိတ်ကူးမိပါတယ်ရှင်။

ဒီနေ့ပဲသေမလား၊ မနက်ဖြန်သေမလား ၊ဘယ်တော့သေမလဲဆိုတာသေခြာမသိနိုင်ကြတဲ့ သတ္တ၀ါတွေအားလုံးအတွက် နောက်တစ်လကြာရင် ကမ္ဘာကြီးတကယ်ပျက်တော့မယ်ဆိုတာ ကြားလိုက်ရရင် ဘယ်လိုအတွေးတွေနဲ့ ခံစားသွားကြမလဲဆိုတာလေးကို မအိန္ဒြာက သိချင်လို့ ဘလော့ဂ်ဂါမောင်နှမများစွာကို တက်ဂ်ခဲ့ပါတယ်။

လူဆိုတာမွေးဖွားခြင်းနောက်မှာ သေဆုံးခြင်းဆိုတာကပ်ပါလာပြီးသားမို့ သေရမှာကို ကျွန်မ မကြောက်ပေမယ့် ဥပစ္ဆေဒကကံနဲ့ သေရမှာကိုတော့ ငယ်ငယ်ကတည်းက ကျွန်မကြောက်ခဲ့မိပါတယ်။ဝုန်းကနဲ ဒိုင်းကနဲ့ ဦးနှောက်သွေးကြောပြတ်ပြီးသေတာမျိုး တကယ်သဘောကျပါတယ်။ဝေဒနာကြီးကို တမြေ့မြေ့ခံစားနေရပြီးမှ သေရမှာကိုတော့ ကျွန်မကြောက်ခဲ့မိတာလေ။ဒါပေမယ့်လေ လူဆိုတာ ကံစီမံရာအတိုင်းလို့ပဲပြောရမလား သူ့ကံကြမ္မာ ၊ သူ့ဘ၀ပေးကုသိုလ်လို့ပဲပြောရမလား ဖြစ်ချိန်တန်ဖြစ်ပြီး ၊ပျက်ချိန်တန်ပျက်ကြဘို့ရာ အကြောင်းကံတွေပါလာပြီးသားပေမို့ ဘာပဲဖြစ်ဖြစ် လာခြင်တဲ့သေခြင်းတရားလာ ၊ငါအသေတတ်အောင်ကြိုပြင်ဆင်ထားမယ်ဆိုရင်ဖြင့် အသေတတ်သွားရင် မနက်ဖြန်သေမယ်လို့ကြိုသိရင်လည်း သေတတ်သွားမှာပါ။နောက်တစ်လမှသေမယ်ဆိုရင်လည်း သေခြင်းတရားကြီးကို သတ္တိရှိရှိပဲ ရင်ဆိုင်ရဲသွားကြမှာပါ။ဒီသေခြင်းတရားအကြောင်းလေးဖြစ်တဲ့ ကမ္ဘာပျက်ခါနီး တစ်လအလို ပို့စ်လေးနဲ့ပတ်သက်နေလို့ ကျွန်မဖတ်ဖူးတဲ့ ဆရာတော်ဦးဇောတိက( မဟာမြိုင်တောရ)ရဲ့ သေခြင်းတရား(၁) ဓမ္မစာပေလေးကို စာဖတ်သူမောင်နှမများ ဖတ်ရလေအောင် အနှိုင်းမဲ့ချမ်းသာဘလော့ဂ်လေးမှာ မျှဝေပေးထားပါတယ်ရှင်။

**************************
မအိန္ဒြာမေးတဲ့ မေးခွန်းလေးတွေကို ဖြေတော့မယ်နော်....

(၁)။ ဘယ်သူတွေနဲ့ရှိနေချင်လဲ..

ကျွန်မရဲ့မိသားစု ၊မိဘဆွေမျိုး မောင်နှမတွေနဲ့အတူ ရှိနေခြင်ပါတယ်။အင်း.. ဘလော့ဂါမောင်နှမတွေပါ အနားမှာရှိနေကြရင် ပိုအားရှိမယ်ထင်ရဲ့. ( တူတူသေကြမယ်လေ.နော်. )း)))

(၂)။ဘာတွေခံစားနေရမလဲ..

သေမှာကို မကြောက်ပေမယ့် ဘယ်လိုဘယ်ပုံသေရမယ်ဆိုတာ မသိရလေတော့ ကြောက်တတ်တဲ့ ကျွန်မအနေနဲ့ ကြောက်နေမိမှာတော့သေခြာပါတယ်။ဒီကမ္ဘာကြီးပျက်တော့မယ်ဆိုတဲ့ အကြောင်းအရာကြီးက ကမ္ဘာမြေကို (၂၁)ရာစု အစောပိုင်းမှာ ကြီးမားလှတဲ့ ဂြိုဟ်အပိုင်းအစကြီးတစ်ခု တိုက်ရိုက်ထိမှန်မယ် (ဒါမှမဟုတ်) ကမ္ဘာနားက ကပ်ပြီးဖြတ်သွားမယ်ဆိုတဲ့ အယူအဆကို အခြေခံပြီး လူပြောများလာတာပါ။အဲဒီလို ဂြိုလ်အပိုင်းအစကြီး တိုက်ရိုက်ထိမှန်ပြီး မျက်လှည့်ပြသလိုပဲ ၀ုန်းဒိုင်းဆိုပြီး ကမ္ဘာကြီးပြာကျသွားခဲ့ရင်တော့လည်း တော်တော်ကောင်းမှာပဲ ၊ မသေမရှင်ဖြစ်နေကြရင်တော့ ကယ်ဆယ်မယ့်သူမရှိနဲ့ တော်တော်ဝဋ်ကြွေးဒုက္ခတွေ ခံစားကြရမှာပဲလို့ တွေးမိနေမှာသေခြာပါတယ်။

(၃)ဘာတွေပြင်ဆင်ထားမလဲ

ဘုရားရှင်ရဲ့ တရားတွေကို အသုံးချရင်း အသေတတ်အောင် ကြိုတင်ပြင်ဆင်ထားပါမယ်။

(၄)၀မ်းနည်းမိမှာက...

ကိုယ့်အတွက်ကိုယ်တော့ ၀မ်းနည်းမိမှာ မဟုတ်တော့ပါဘူး။ သမီးလေးအတွက်တော့ ၀မ်းနည်းမိမှာသေခြာပါတယ်။တကယ်ကြီး အဲလိုသာသေကြရမယ်ဆိုရင်ဖြင့် သမီးလေးကို ရင်ထဲမှာထွေးပိုက်ပြီး အတူတူသေဆုံးမိမလားမသိဘူး။သြော်..သမီးလေး တစ်ယောက်တည်းအသက်ရှင်ကျန်နေခဲ့ရင်လည်း တော်တော်ဒုက္ခရောက်ရှာမှာလို့ တွေးတောဝမ်းနည်းစိတ်ပူနေမိမလား မသိပါဘူးနော်။

(၅)။ကြောက်လန့်မိတာက..

မသေမရှင် ဒုက္ခဝေဒနာခံစားရမှာကို ကြောက်တယ်။

(၆)။ဆောင်ထားချင်တာ..

သတိတရား.. (ဖြစ်ခြင်း ပျက်ခြင်းကို အာရုံရသလောက်အမြဲမှတ်နေနိုင်တဲ့ သတိတရားလေး လက်ကိုင်ဆောင်ထားနိုင်အောင်ကြိုးစားနေမိမယ် ထင်ပါတယ်။ )

(၇)။ဘာတွေရေးမိမလဲ..

ဘာမှရေးဘို့တော့ စဉ်းစားမိမှာ မဟုတ်ပါဘူး။

(ဂ)။တွေးမိတွေးရာ အတွေး..

လူဆိုတာ တစ်နေ့မုချသေကြရမှာပဲလေ.. ဘယ်လိုသေကြမလဲ.. ဂြိုလ်ကြီးကပဲ ကမ္ဘာကြီးပေါ် ၀ုန်းဆိုပိကျပြီး ကမ္ဘာကြီးပေါ်မှာ အသက်ရှင်နေတဲ့ သတ္တ၀ါတွေအားလုံး ဖြစ်နေရာကနေ ပျက်သွားကြမလား.....
ဒါမှမဟုတ် ဂြိုလ်အခြမ်းပဲ့ကြီးက ကမ္ဘာတခြမ်းကိုပဲ တိုက်ရိုက်ထိမှန်သွားခဲ့ရင် ကံကောင်းတဲ့သူတွေ အသက်ရှင်ကျန်ရစ်နေကြဦးမှာလား..

(၉)။ဂုဏ်ယူချင်တာက

ငါလုပ်ခွင့်ရတဲ့ ကုသိုလ်တရားတွေ ၊ အလှူဒါနတွေ တတ်နိုင်သလောက် ငါ့ချွေးနဲစာနဲ့ ပြုခဲ့ဘူးတယ်။ငါကိုယ်တိုင် အလှူတွေ လှူခွင့်ရသလို ၊သူတစ်ပါးတွေလှူနိုင်အောင်လည်း ငါကြိုးစားတိုက်တွန်းခဲ့ဘူးတယ်.. မိဘကျေးဇူးတွေ တတ်နိုင်သလောက် ကြိုးစားပြီး ဆပ်ခဲ့ရတယ်.. ဆိုပြီး ကျွန်မကိုယ်ကျွန်မဖြေသိမ့် ဂုဏ်ယူနေမိမယ် ထင်ပါတယ်....

(၁၀)။ရှာကြံဖြေသိမ့်မိတာက

သာသနာတော်ကြီးနဲ့ကြုံလို့ ကျွန်မတို့တွေ လှူဒါဏ်းခွင့် ၊ ပူဇော်ခွင့် ၊ ၀ိပဿနာ တရားအားထုတ်ခွင့်တွေ ရရှိခဲ့ကြတယ်။ ဒီကုသိုလ်ကောင်းမှုတွေကြောင့် အပယ်မလားလောက်ဖူး ထင်ပါတယ်။း)))

(၁၁)။ကျူးရင့်ချင်တဲ့ ဥဒါန်း

“ ငါလုပ်ချင်တာတွေ အမျိုးမျိုးလုပ်ခဲ့ ရပြီ။ အများကြီးလုပ်ခဲ့ ရပြီ ။သေပျော်ပါတယ်”

***************************************************

ပြန်တက်ဂ်ချင်ပါတယ်..

ဘာသာရေးပို့စ်တွေရေးကြတဲ့..

၁.အဖြူရောင်မေတ္တာ ( ရေးပြီး)
၂..အလှတရား ( ရေးပြီး)
၃..တောသားလေး ( ရေးပြီး)
၎..မောင်ကောင်း (ရေးပြီး)
၅..မိုးသောက်
၆..ရွာသားလေး ( ရေးပြီး)
**********************

ဒီတက်ဂ်ပို့စ်လေးနဲ့ ပတ်သက်ပြီး ၂၀၁၂ မှာ ကမ္ဘာကြီးတကယ်ပျက်မှာလားဆိုတဲ့ မေးခွန်းရဲ့အဖြေဆိုပြီး မောင်လေးမင်းလင်္ကာမှ Forward Mail ပို့ပေးလာခဲ့တဲ့အတွက် မောင်နှမများဖတ်ရလေအောင် ပြန်လည်မျှဝေလိုက်ရပါတယ်ရှင်။



၂၀၁၂ခုနှစ်မှာ ကမ္ဘာပျက်မှာလားဆိုတဲ့ မေးခွန်းရဲ့အဖြေ
Posted on Oct 23 09 - 05:19 PM Hits : 3558 Save as PDF

မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာတလွှားက အင်တာနက် သုံးစွဲသူတွေဆီကို Forward Mailအနေနဲ့ ပျံနှံ့ရောက်ရှိနေခဲ့တဲ့ မေးခွန်းကတော “၂၀၁၂ခုနှစ်မှာ ကမ္ဘာပျက်မှာလား”ဆိုတဲ့ မေးခွန်းပါ။ နီဘီရူယှဉ်တွဲမှုဖြစ်ရပ် (Nibiru Collision)လို့ ခေါ်ကြတဲ့ အဲဒီကိစ္စဟာ တကယ်ဖြစ်လာမှာ မဟုတ်ပါဘူးလို့ NASA (အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ)က ပညာရှင် တစ်ဦးက ပြောသွားခဲ့ပါတယ်။ နီဘီရူကိစ္စဟာ ကြီးမားလှတဲ့ ဂြိုဟ်အပိုင်းအစကြီးတစ်ခု ကမ္ဘာမြေကို (၂၁)ရာစု အစောပိုင်းမှာ တိုက်ရိုက်ထိမှန်မယ် (ဒါမှမဟုတ်) ကမ္ဘာနားက ကပ်ပြီးဖြတ်သွားမယ်ဆိုတဲ့ အယူအဆကို အခြေခံပြီး လူပြောများလာတာပါ။ ဒီအကြောင်းကို (၁၉၉၅)ခုနှစ်က zetatalk၀က်ဘ်ဆိုက် တည်ထောင်သူ အမျိုးသမီး နန်စီလေဒါက စပြီးတော့ ဖော်ထုတ်ခဲ့တာပဲ ဖြစ်ပါတယ်။ နန်စီဟာ သူ့ကိုယ်သူ စိတ်ဝိဥာဉ် ပေါင်းကူးနိုင်စွမ်းရှိတယ်လို့ ကြေညာထားပြီး Zeta Reticuli ကြယ်စင်ကြီးက တခြားသက်ရှိတွေနဲ့ စိတ်ချင်းစကားပြောနိုင်တယ်လို့ ဖော်ထုတ်ပြောကြားခဲ့ပါတယ်။ သူဟာ ပထမဆုံး မေလ(၂၀၀၃)ခုနှစ်မှာ ကမ္ဘာရှိတဲ့ နေစကြာဝဠာ တစ်ခုလုံး ပျက်သုဉ်းတော့မယ်လို့ သူ့ကိုမိတ်ဆွေဂြိုဟ်သားတွေက အသိပေးတယ်လို့ ပြောခဲ့ပါတယ်။ နောက်ပြီးတော့ တကယ်တမ်း ကမ္ဘာပျက်မှာ (၂၀၁၀)ခုနှစ်ဝန်းကျင်လို့ ပြောင်းပြီးပြောပြန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ၀င်ရိုးစွန်းနေရာ ရွေ့သွားတာကြောင့်မို့လို့ပါဆိုပြီး နန်စီက ပြောခဲ့သလို အဲဒီနောက်မှာတော့ လူသားမျိုးပြုတ်မယ့် ဖြစ်ရပ်ဆိုးကြီး ကြုံတွေ့မယ့် ကမ္ဘာပျက်သောနေ့ (Doomsday)ကို ကြုံရတော့မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။


ဒီအတွေးအခေါ်အရ ကမ္ဘာနဲ့ရွယ်တူလောက်ရှိတဲ့ ဂြိုဟ်ပဲ့ကြီးတစ်ခုဟာ (၂၀၁၂)ခုနှစ်လောက်မှာ လူသားတွေနေတဲ့ ကမ္ဘာကို ဦးတည်ရောက်ရှိလာမှာပါတဲ့။ တိုက်ရိုက်တိုက်မိခဲ့ရင် ကမ္ဘာတစ်ခုလုံး ပျက်စီးသွားမှာဖြစ်သလို ကပ်ပြီးဖြတ်သွားရင်တောင် အရှိန်ပြင်းလွန်းတာကြောင့် လူသားမျိုးနွယ် ပြုတ်ပြုတ်ပြုန်းလုနီးပါး ဖြစ်သွားမယ်လို့ ဆိုပါတယ်။ နန်စီရဲ့ လက်တွေ့မကျတဲ့ အယူအဆဟာ အစွန်းရောက် ဘာသာရေး အဖွဲ့တွေရဲ့ ၀ါဒဖြန့်မှုနဲ့အတူ ကြီးထွားလာပြီး “(၂၀၁၂)မှာ ကမ္ဘာပျက်မှာလား”ဆိုတဲ့ မေးခွန်းကို လူပြောများလာခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာပျက်မယ့်နေ့လို့ ခန့်မှန်းထားတဲ့ အဲဒီဖြစ်ရပ်ကြီးကို Code Nameအနေနဲ့ ပေးထားတဲ့ နီဘီရူဆိုတာ ရှေးဟောင်း ဘေဘီလုံ လူမျိုးစုတွေရဲ့ နက္ခဗေဒ ပညာရပ်ထဲက ဆိုးရွားကြမ်းကြုတ်တဲ့ အချိန်ကာလတစ်ခုရဲ့နာမည်ကို မှည့်ခေါ်ထားတာပါ။ နောက်ပြီးတော့ “ကောင်းကင်ဘုံရဲ့အလွန်”လို့လည်း အဓိပ္ပါယ် သတ်မှတ်နိုင်ပါတယ်။ ကမ္ဘာပျက်မယ့်နေ့ဆိုတဲ့ အခြေအမြစ်မရှိ ခန့်မှန်းအတွေးအခေါ်တွေအရ Xဂြိုဟ် (ဒါမှမဟုတ်) နီဘီရူလို့ နာမည်ပေးထားတဲ့ စကြာဝဠာ ဂြိုဟ်ပဲ့ကြီးတစ်လုံးဟာ ကမ္ဘာကို (၂၀၁၂)ခုနှစ်မှာ တိုက်ရိုက်ဝင်တိုက်တော့မှာလို့ ယုံကြည်နိုင်ပါတယ်။

NASAရဲ့ ပညာရှင် တစ်ဦးဖြစ်တဲ့ ဒေးဗစ်မော်ရစ်ဆန်ကတော့ ဒီကိစ္စကို ရယ်စရာ အိပ်ယာဝင် ပုံပြင်ကောင်းတစ်ခုလို့ ယူဆထားတာပါ။ “နီဘီရူဆိုတာ ကျွန်တော်တို့ရဲ့ လက်တွေ့လေ့လာမှုထဲမှာ လုံးဝမရှိတဲ့အရာဆိုတာ ခင်ဗျားတို့ သိဖို့တော့ လိုမှာပါ”လို့ မော်ရစ်ဆန်က Washington Post သတင်းစာကြီးနဲ့ အင်တာဗျူးမှာ ပြောသွားပါတယ်။ (၂၀၁၂)ခုနှစ်မှာ ကမ္ဘာနဲ့ Xဂြိုဟ်ဝင်တိုက်လို့ ကမ္ဘာကြီး ပျက်တော့မယ်ဆိုတာဟာ လူ့သမိုင်းခေတ်သစ်တစ်ခုကို စတော့မယ်လို့ စိတ်ကူးယဉ်ဇာတ်ကားကောင်းကောင်း ရိုက်ချင်နေတဲ့ ဟောလီးဝုဒ် ကုမ္ပဏီတွေအတွက် အခွင့်အရေးကောင်းတစ်ခုထက် ဘာမှမပိုဘူးလို့ မော်ရစ်ဆန်က ဆိုပါတယ်။ ရှေးဟောင်းဆူမားရီးယန်း မျိုးနွယ်စုတွေရဲ့ မှတ်တမ်းထဲမှာ Zenchriaဆိုတဲ့ ခေတ်တစ်ခုတုန်းက နီဘီရူဆိုတဲ့ ကြယ်ကြီးကို မြင်လိုက်ရတဲ့အကြောင်း မှတ်တမ်းကလွဲပြီး သမိုင်းတလျှောက် ဘယ်သူမှ နီဘီရူဆိုတဲ့ စကြာဝဠာထဲက ဂြိုဟ်ပဲ့ကြီးအကြောင်း ပြောခဲ့၊ ရေးခဲ့တာ မရှိပါဘူး။ တကယ်တော့ဒါဟာ လူ့သမိုင်းကို အခြေခံ ခုတုံးလုပ်ပြီး လုပ်ကြံထားတဲ့ ဇာတ်လမ်းသာဖြစ်ပါတယ်လို့ မော်ရစ်ဆန်က ပြောပြခဲ့ပါတယ်။ ဘာကြောင့်လည်းဆိုတော့ မာယာလူမျိုးစုတွေရဲ့ ကာလရှည်ကြာ ပြက္ခဒိန်ကလည်း (၂၀၁၂)ခုနှစ် ကျရောက်တဲ့အချိန်မှာ ကမ္ဘာပျက်မယ်လို့ ဇာတ်လမ်းကောင်းကောင်းလေးတစ်ခု ဖန်တီးထားခဲ့တာကလည်း ရှိနေတာမို့ပါ။

မာယာတွေ ယုံကြည်ထားတာအရ Batun 13ဆိုတဲ့ အချိန်ယန္တယားစက်ဝိုင်း ကုန်ဆုံးသွားပြီးတဲ့အချိန်ဖြစ်တဲ့ (၂၀၁၂)ခုနှစ်လောက် ကာလမှာ Batun 14ဆိုတဲ့ အချိန်စက်ဝိုင်း နောက်တစ်ခု စပါလိမ့်မယ်။ အဲဒီအချိန်မှာ ကမ္ဘာတစ်ခါပျက်မယ်လို့ ဆိုထားတာကိုး။ ဒါပေမယ့် သိပ္ပံပညာရှင်တွေကတော့ (၂၀၁၂)ခုနှစ်မှာ ကမ္ဘာကြီးကို ဘယ်အာကာသ တိုက်ခိုက်မှုမှ ရောက်လာမှာ မဟုတ်ဘူးလို့ အာမခံထားပါတယ်။ ကမ္ဘာပျက်မယ့်နေ့ကို အတိအကျ မသိနိုင်ပေမယ့် (၂၀၁၂)ခုနှစ်ထိတော့ ကမ္ဘာဟာ အကောင်းအတိုင်း ရှိနေမှာပါ။ တကယ်တော့ အရင်ကလည်း ခုလိုမျိုး ကမ္ဘာပျက်မယ်ဆိုတဲ့ စိတ်ကူးယဉ် ကောလဟာလတွေ ရှိခဲ့တဲ့ ဥပမာတွေ အများကြီးပါ။ ထင်ထင်ရှားရှား တစ်ခုအနေနဲ့ အက်ပေါ့ဟစ် (Apophis)ဆိုတဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှားကြီး တစ်ခုဟာ ကမ္ဘာနားက (၂၀၂၉)၊ (၂၀၃၆)နဲ့ (၂၀၆၈)ခုနှစ်တွေမှာ (၃)ခါဖြတ်သွားပြီး အဲဒီအချိန်ကျရင် လူတွေသောက်သောက်လဲ သေကြမယ်လို့ သတင်းကြီးခဲ့ပါသေးတယ်။ ဒါပေမယ့် တိုင်းတာမှုတွေအရ အဲဒီဂြိုဟ်သိမ်ကြီး ကမ္ဘာနားက ဖြတ်သွားချိန်မှာ အနည်းဆုံး မိုင်(၁၈၀၀၀)လောက် ဝေးနေမှာဖြစ်ပြီး ဒါဟာလုံးဝလုံခြုံ စိတ်ချရတဲ့ အကွာအဝေးပါလို့ ပညာရှင်တွေက အတိအလင် ခိုင်ခိုင်မာမာ ပြောကြားထားပါတယ်။ ဘာပဲဖြစ်ဖြစ် (၂၀၂၉)ခုနှစ်နား နီးလာရင် “အက်ပေါ့ဟစ်ကြီး ကမ္ဘာကို ၀င်တိုက်ရင် ဘယ်လိုလုပ်မလဲ”ဆိုတာ တွေ့ရကြုံရ၊ ဗျာများရအုံးမယ့် မေးခွန်းပါ။ “အဲဒီအခါကျတော့လည်း ကျွန်တော်တို့က ပြည်နယ်တစ်ခုစာလောက်တော့ ပြာကျသွားမှာပေါ့လို့ ဖြေလိုက်ကြတာပေါ့”လို့ မော်ရစ်ဆန်က ရယ်ရယ်မောမော ပြောသွားခဲ့ပါတယ်။

Source: Wikipedia, tgdaily

ဘာသာပြန်ရေးသားပေးပို့သူ - zyw

Copy From Planet.com.mm

*******************************************

အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။

ဝါ၀ါခိုင်မင်း

ဆက်ဖတ်ချင်သေးရင် ...

ကမ္ဘာပျက်မယ် ဆိုရင်ပေါ့

Saturday, October 31, 2009



တကယ်လို့ ...ကမ္ဘာပျက်မယ် ဆိုရင်ပေါ့..ခိုင်းသူက လည်း ခိုင်းတတ်မှတော့ ရေးရတော့တာပေါ့ရှင်။ အင်းတွေးစရာတွေက တစ်ပုံကြီးပါပဲ. အတွေးတွေကို ထက်ခြမ်းခြမ်းရတော့ မယ်ထင်တယ် ။ ကျမက စိတ်ကူးယဉ်တဲ့အပိုင်းကိုပဲ ဦးတည်ခရီးဆက်သွားမယ်။

ကမ္ဘာပျက်တော့မယ်ဆိုရင် ကျမတို့ ကမ္ဘာသစ်ကို ကြိုဆိုရုံပေါ့ရှင်... ဟောင်းနွမ်းစုတ်ပြတ်သတ်နေတဲ့ ဟော့ဒီကမ္ဘာကြီးကို စွန်ခဲ့ကြတာပေါ့... ကမ္ဘာဟောင်းမှာ အကျင့်ဟောင်းတွေ အယူဆဟောင်းတွေ နှင့်အတူ မကောင်းတာဟူသမျှ ကျမတို့ အကုန်လုံးစွန့်ခဲ့ကြတာပေါ့...

၁။ ဘယ်သူတွေနဲ့ရှိနေချင်လဲ..

ဘယ်သူတွေနဲ့ ရှိနေသလည်းဆိုတဲ့ မေးခွန်းကို မဖြေချင်ပါဘူး ။ ကိုယ်ချစ်သူကို ဘေးနားမှာ အဆင့်သင့် ရှိနေခိုင်းမယ်။ ကျမတို ကမ္ဘာသစ်ထဲက ဧဒင်ဥယာဉ်ထဲကို သွားမယ်လေ.. အသစ်စစလူသားတစ်ယောက်အဖြစ် စတင်တဲ့အချိန်မှာ အသစ်စစ အချစ်တစ်ခုကို ဖြူဖြူစင်စင် စတင်ချင်ပါတယ်။ ချစ်သူနှစ်ယောက်ကြား ခွဲခြားဆက်ဆံနိုင်စေတဲ့ အရောင်တွေကို ကျမစွန့်ခဲ့မယ်။ အလွှာ၊ ဂုဏ်ဓန စသည့်ဖြင့်ပေါ့လေ အားလုံးကို စွန်လိုက်မယ်။ ချစ်တတ်တဲ့ ရင်ဘတ်တစ်ခုကိုဘဲ ဧဒင်ထဲကို သယ်လာခဲ့မယ်။

၂။ဘာတွေခံစားနေရမလဲ..

ရင်ခုန်နေမှာပေါ့ရှင်… သိပ်ကိုသေချာတယ်။ ဧဒင်ထဲကို ၀င်မယ့် အသစ်စစ လူသားတစ်ယောက် ဖြစ်ခွင့်ရဖို့ ရင်တွေသိပ်ကိုခုန်နေမှာပေါ့… ကမ္ဘာဦးမှာ လူတွေမဖန်တီးဘဲ တည်ရှိနေပါတယ်ဆိုတဲ့ ဧဒင်ဥယာဉ်ဆိုတာ ဘယ်လို မျိုးလည်းဆိုပြီး လျှောက်ပတ်ကြည့်ချင်လို့ စိတ်တွေ လောနေတယ်။ လူတွေမဖန်တီးဘဲ သဘာဝအတိုင်းတည်ရှိနေတဲ့အရာတွေကို ဦးစွာပထမ ကြည့်ခွင့်ရမယ့် အခွင့်ရေးဆိုတာ နည်းတဲ့အခွင့်ရေးမှ မဟုတ်တာရှင်။

၃။ ဘာတွေပြင်ဆင်ထား

ပိုင်ဆိုင်တာအားလုံးကို စွန့်လွတ်ဖို့ အဆင်သင့် ပြင်ဆင်နေမယ်။ လိုချင်တက်မက်မှု ၊ မနာလို ဖြစ်မှု ၊ မာနတရား၊ စွဲလန်းမှု၊ ပူပင်သောက တွေအပြင် လူသားပီသနေစေတဲ့ တဏာမီးတွေအားလုံးကို စွန့်နိုင်စေဖို့ ကျမ လေ့ကျင့်နေမယ်။ ကမ္ဘာဟောင်းက အကျင့်တွေ မပျောက်ပျက်ဘဲ ကျန်နေမှာစိုးလို့။ ကျမအတွက်လည်း ကမ္ဘာဦးသမီးပျို ၀တ်စုံတစ်စုံလောက် ရှာဝယ်ရအုံးမယ်.. ၀တ်လှစ်စလှစ် ပိတ်စပါးပါးလေး ကို ပတ် ပန်းလေးတစ်ပွင့် ပန်ထားတာမျိုးတော့ ကျမ ပုံတွေ မြင်ဖူးတယ် ။ ကျမက ပန်းလည်းမပန်တတ်ဘူး ။ ကမ္ဘာပျက်တဲ့အချိန်မှာ ကျမက အဆင်သင့် အဲဒီဝတ်စုံကို ၀တ်ပြီးသား ဖြစ်နေစေရမယ်။

၎။ ၀မ်းနည်းမိမှာက

ဒီကမ္ဘာပျက်စီးသွားရင် ပျက်စီးခြင်းထဲကို ပါဝင်သွားမယ့် ဘုရား၏ တရားတော်၊ ခေတ်အဆက်ဆက်က လူအသက် ပေါင်းမြောက်မြားစွာကို စတည်းပြီး တည်ထောင်ခဲ့ကြတဲ့ မြို့ပြတွေ၊ လူတို့၏ ပူဇော်ပသခံ အနှပညာလက်ရက်တွေ ၊ လူသမိုင်းကြောင်းကို ဖော်ညွန်းထားတဲ့ ပြတိုက်တွေအတွက် နှမြောမိတာအမှန်ဘဲ ။ ကျမက ဒီကမ္ဘာက မခွာရသေးတော့လည်း ကမ္ဘာသူလေး ပီသစွာ နှမြောတွန့်တိုတဲ့အကျင့် ခုတိတော့ ရှိနေသေးတာအမှန်ဘဲ။


၅။ကြောက်လန့်မိတာက..

ဒီ ကမ္ဘာကို ခေတ်အဆက်ဆက်က ပျက်စီအောင်လုပ်ခဲ့ကြတဲ့ လူဆိုးသူခိုးတွေ ကမ္ဘာသစ်ထဲ့ ပြောင်းရွှေ့လာမှာကို အကြောက်ဆုံးပဲ ။ သူတို့ကို ကျမက အလိုမရှိဘူး ။ စစ် နှင့် ဘာသာတရားက လူတွေကို ဖျက်စီးနေတယ်လို့ ကျမက မြင်တယ်။ လူလောဘ က တဆင့်ပွားလာတဲ့ အာဏာပါဝါတွေကြောင့် လက်ရှိကမ္ဘာစုတ်မှာ စစ် တွေ ဖြစ်ကြတယ်။ ဘာသာတရားတို့၏ အယူကြီးမှုကြောင့် အတ္တလွန်ကဲ့တဲ့ ဘာသာရေးစစ်တွေကို ကျမ ကမ္ဘာသစ်ထဲ ထပ်ဖြစ်လာမှာကို စိုးတယ်။ လူတစ်ယောက်၏ အသက်ကို တန်ဖိုးထားတဲ့ ကမ္ဘာသစ်လေး ဖြစ်ချင်တယ်။ မိန်းမတစ်ယောက်ရဲ့  တန်ဖိုးကို လူသားတစ်ယောက်၏ တန်ဖိုးဖြင့် တိုင်းတာတဲ့ ကမ္ဘာသစ်လေး
ဖြစ်ချင်တယ်။ လူအဆင့်တန်းခွဲခြားမှုတွေ မရှိချင်ဘူး။

၆။ဆောင်ထားချင်တာ..

ဆောင်ထားချင်တာက ဓါတ်လုံးတစ်လုံး ဒါမှမဟုတ် မှော်အတတ်တစ်လက်ကို ဆောင်ထားချင်တယ်။ ပြီးတော့ ဧဒင် အ၀င်ဝမှာ အခမဲ့ တာဝန်ထမ်းမယ်။ ၀င်လာသမျှ လူတွေကို စစ်ဆေးမယ့် ကြီးကျပ်ရေးမှူး တာဝန်ကို နေ့မအား ညမအား ထမ်းဆောင်မယ်။ ကျမက ဖန်ဆင်းခြင်းဆိုတာကို လက်မခံတော့လည်း ပင်ပန်းခံရတော့မပေါ့ရှင်။ အသားအရောင်မတူတဲ့ ဖန်ဆင်းခံရမှု၊ ဆင်းရဲခြင်း ချမ်းသားခြင်းတွေ တန်းမတူညီမျှမှု၊ အသိညဏ်မတူညီတဲ့ ဦးနှောက်များပိုင်ဆိုင်မှု၊ အတွေးခေါ်များလွန်ကဲ့ နက်နဲ့စွာ
တွေးခေါ်တတ်သူများ အား ကျမက ဓါတ်လုံးတစ်လုံးဖြင့် အားလုံးကို တန်းတူညီမျှ ဖြစ်စေမယ်။

၇။ဘာတွေရေးမိမလဲ..

စာတွေရေးမှာပေါ့ရှင် ။ ကဗျာတွေရေးမယ်။ သီးချင်းတွေ ရေးမယ် ။ တဂိုး ၀ိညဉ်လေးများ ငှားလို့ ရမယ်ဆိုရင် အချစ်ကဗျာလှလှလေးတွေ ပင်လယ်ကမ်းဘေးမှာ ထိုင်ရေးချင်ပါတယ်။ တဂိုးလိုမျိုး အသိညဏ်တွေ ကြွယ်ဝနေရင်တော့ ကျမ်းတစ်အုပ်လောက်ရေးချင်တယ်…

ဂ။တွေးမိတွေးရာ အတွေး

ဗယ်ဆင့်ဘင်ဂိုလိုမျိုး စတေးခံလူသားတွေအတွက် ကျမက ညစာလေး ပြင်ဆင်ချက်ပြုတ်ပေးချင်တယ်။ ငတ်ပြတ်ဆင်းရဲတွင်းထဲ သေဆုံးသွားတဲ့ လူတွေကို ညစာပါတီလေး ကိုယ်တိုင်ကိုယ်ကျ ပြင်ဆင်ပေးချင်တယ်။ ၀ိညဉ်များနှင့် ကခုန်ခြင်းတော့ မဟုတ်ဘူး ၀ိညဉ်များနှင့် ပျော်ရွင်ရယ်မောခြင်းပေါ့ လေ။ အားလူး မီးဖုတ်တော့ လုပ်ဖြစ်အောင်လုပ်မယ် ကြယ်တွေငိုတဲ့ လူတစ်ယောက်ကို စာအုပ်ဖတ်ရင်း သနားခဲ့မိလို့။

၉။ဂုဏ်ယူချင်တာက

အင်း ဂုဏ်ယူချင်တာက ဆိုတဲ့ စာလုံးတွေက လှောင်ပြောင်နေသလိုဘဲ ။ ကျမဘာမှာ ဂုဏ်ယူစရာကောင်းတဲ့ အလုပ်တစ်ခုမှ လူတွေအတွက် မလုပ်ပေးခဲ့ပါဘူး ။ ဒါက ရိုးသားစွာ ၀န်ခံတာလေ။ ဒါပေမယ့် ကျမ ဒီကမ္ဘာမြေပေါ်မှာ အသက်ရှင်လာရတဲ့ ကျေးဇူး ၊ လူဖြစ်လာရတဲ့ ကျေးဇူး၊ ကျမအမေ ဆက်ပေးခဲ့တဲ့ အသက်တစ်ချောင်းအတွက် ကျမက မမေ့တတ်တာလေးဘဲ ကျမ ဂုတ်ယူရ တော့မှာပေါ့ရှင်… တစ်ခုတော့ရှိတယ် မယ်မဒီကို ပစ်ချပေးလိုက်တဲ့ လောကဘုံလေးက သိပ်ကောင်းတဲ့နေရာလေး မဟုတ်ခဲ့ပေမယ့် မယ်မဒီက ကျလာတဲ့နေရာမှာ ခေါင်းငုံမခံဘဲ အာခံခဲ့တာကို ဂုဏ်ယူချင်ပါတယ်။ ကမ္ဘာ နှင့် ငါ ဘယ်သူပိုစောင်း မလည်းဆိုတဲ့ လူစားမျိုး ဖြစ်ရတာ ဂုဏ်ယူတယ်ရှင့် ….

၁၀။ရှာကြံဖြေသိမ့်မိတာက

ဆင်းရဲတွင်းထဲ တွင်းဆုံးကျနေသေးတဲ့ တိုင်းပြည်တွေအတွက်တော့ လွတ်မြောက်ခြင်းပေါ့ရှင်။
လူသားတိုင်း ခံစားခွင့်ရှိတဲ့ ရပိုင်ခွင့်တွေ မရတဲ့လူတွေအတွက်တော့ ကောင်းတာပေါ့ရှင်… ကမ္ဘာကန်ထဲကို လူတစ်စုဘဲ ခပ်ပြီးသောက်နေကြတာကို ။

၁၁။ကျူးရင့်ချင်တဲ့ ဥဒါန်း

ငါသည် ဤဘ၀မှ ကျွတ်လွတ်နိုင်မည်ဆိုပါက တစ်စုံတစ်ယောက်က ဖန်ဆင်းပေးနိုင်မည်ဆိုပါက ၊ ငါသည် မည်သည့်အလုပ်ကိုမှ အသက် ဆက်ရန်အတွက် မလုပ်ချင်သူ ဖြစ်ပါသည်။ ငါသည် မည်သူနှင့်မှလည်း ၀တ်ကျေတန်းကျေး စကားမျိုး ပြောခြင်း ဆက်ဆံခြင်းတွေ မလုပ်ချင် သူဖြစ်ပါသည်။ ငါသည် အလေ့အကျင့် ဖြင့် ပြုံးပြ နှုတ်ဆက်နေရသော ဘ၀ကိုလည်း မုန်းတီးနေသူ ဖြစ်ပါသည်။ ငါသည် လူမဖြစ်ချင်တော့ သူ တစ်ယောက် သာ ဖြစ်ပါသည်။ ဤသို့ ကျူးရင့်ခွင့်ရှိသည်ကိုပင် ဤပိုစ်လေး တက်လာတဲ့ နှင်းနဲ့မာယာ ကို ကျေးဇူးတင်ပါတယ်ရှင် ။ စိတ်ထဲရှိတာ အားလုံးရေးချလိုက်တော့လည်း ကျမရင်ဘတ်တွေ ပေါ့ပါးသွားပါတယ်။

ဒီဆိုက်လေးမှာတော့အမှတ်တရ လာတင်ပေးတာပါ ရှင် ။
မယ်မဒီ

ဓါတ်ပုံလေးကိုတော့ ဒီဆိုဒ်လေးက နေ ကူးယူထားပါတယ်ရှင် http://www.wga.hu/art/d/durer/2/13/2/042.jpg

ဆက်ဖတ်ချင်သေးရင် ...

ကျွန်မအနေချင်ဆုံးမြို့ကလေး

Thursday, October 29, 2009

မင်္ဂလာအပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေရှင်.
ဒီနေ့တော့ မောင်လေးReenoemann Tagထားတဲ့ ကျွန်မအနေချင်ဆုံးမြို့လေးတစ်မြို့ဆိုတဲ့ Tag post လေးကို အကြွေးဆပ်ဖို့ အလှည့်ရောက်ရှိလာပါတယ်ရှင်... ကျွန်မအလည်သွားရောက်ဖူးခဲ့တဲ့ မြို့လေးတွေဖြစ်တဲ့ ပုဂံ ၊ညောင်ဦး၊ မုံရွာ ၊ မန္တလေး၊မေမြို့၊ချောင်းသာ၊တောင်ကြီး ၊ပင်းတယ ...စတဲ့..စတဲ့..မြို့လေးတွေထဲမှာ ကျွန်မအနေချင်ဆုံးမြို့လေးတစ်မြို့ကတော့ တောင်ကြီးမြို့လေးပဲဖြစ်ပါတယ်...တောင်ကြီးမြို့လေးဟာအေးချမ်းပြီး ၊ ရာသီဥတုအနေနဲ့လည်း သိတ်မပူပြင်းတဲ့အပြင် ကျွန်မကြိုက်နှစ်သက်တဲ့ အစားအစာတွေရှိပြီးတော့ တောင်ကြီးမြို့က တိုက်အဆောက်အဦးပုံလေးတွေကို ကျွန်မသဘောကျမိလို့လည်းဖြစ်ပါတယ်...

ဒီဂျပန်မှာခရီးသွားရင် တချို့နေရာလေးတွေတော်တော်များများမှာ တောင်ပတ်လမ်းလေးတွေသွားရရင်ဖြင့် တောင်ကြီးမြို့လေးနဲ့ တော်တော်လေးဆင်တူလွန်းတာမို့ တောင်ကြီးမြို့လေးနဲ့တူလိုက်တာရယ်လို့ မကြာခဏသတိရမိတတ်ပါတယ်.... ဂျပန်က တချို့တိုက်ပုံစံလေးတွေဟာ တောင်ကြီးကတိုက်ပုံစံလေးတွေနဲ့တူပြီး ဂျပန်နိုင်ငံရဲ့နယ်ဘက်ကလေးတွေကို ခရီးထွက်ဖြစ်ရင်ဖြင့် တကယ့်တောင်ကြီးမြို့ကလေးကိုရောက်သွားသလိုပဲ ခံစားရတတ်ပါတယ်...

လွန်ခဲ့တဲ့ ၂နှစ်လောက်က Gifu ဆိုတဲ့မြို့ကလေးကို ကျွန်မတို့မိသားစုနဲ့အတူ သူငယ်ချင်းမိတ်ဆွေမိသားစု အလည်သွားခဲ့ကြစဉ်က ဂျပန်မိတ်ဆွေဦးလေးကြီးက Gifuတောင်ပေါ်ကို ကားနဲ့ပတ်တက်ပြီးလိုက်ပို့ခဲ့ပြီးတော့ တောင်ပေါ်မှာ အဲဒီဒေသရဲ့နာမည်ကြီးအစားအစာဖြစ်တဲ့ ငါးကင်တွေကို ၀ယ်ကျွေးခဲ့တာမို့ တကယ်ပဲ တောင်ကြီိးမြို့လေးနဲ့တူလိုက်တာရယ်လို့ မှတ်ချက်ချမိပြီး တောင်ကြီးမြို့လေးကို လွမ်းမိတာ အခါခါပါပဲ... တကယ်တော့ တောင်ကြီးမြို့လေးကို ကျွန်မနှစ်သက်မိခဲ့တာက တောင်ကြီးမြို့လေးဟာ ကျွန်မမွေးဖွာရာဇာတိမြေ ကချင်ပြည်နယ်လိုပဲ ရာသီဥတုကအေးချမ်းပြီး ၊ ကျွန်မအလွန်ကြိုက်နှစ်သက်တဲ့ ကချင်ပြည်နယ်ကအစားအသောက်တွေ အကုန်နီးပါး တောင်ကြီးမြို့လေးမှာ စားသောက်နိုင်သလို ကျွန်မသွားဘူးတဲ့မြို့လေးတွေထဲမှာ အလှပဆုံးမြို့လေးတစ်မြို့ဖြစ်လို့ပါပဲ။

မောင်နဲ့ စေ့စပ်ပြီးတော့ လေယာဉ်ပျံကြီးစီးပြီးတောင်ကြီးမြို့လေးကို မောင်နဲ့အတူ အလည်သွားဖြစ်ခဲ့ကြပါတယ်... ရန်ကုန်ကနေ လေယာဉ်စီးရင် ၁နာရီကျော်ကျော်ပဲကြာတာမို့ (ဟုတ်လာမသိဘူး..မေ့ပြီ.၁ နာရီဝန်းကျင်ပဲ)း)သွားရလာရတာ အဆင်ပြေသားပဲလို့ ကောက်ချက်ချမိလိုက်သလို ဟဲဟိုးလေဆိပ်ရောက်တော့ ကျွန်မရဲ့မတော်ရသေးတဲ့ယောက္ခမဖေဖေ ၊မေမေ နဲ့ ယောင်းမတွေကလာကြိုခဲ့ကြတာမို့ ပျော်ရွှင်ခဲ့ရသလို တောင်ပတ်လမ်းလေးတွေကိုကားနဲ့တက်ရတော့ စိတ်ကြည်နူးခဲ့ရပါတယ်...

မောင်ကတောင်ကြီးသားဆိုတော့ တောင်ကြီးရောက်တာနဲ့မောင်နဲ့အတူ ကားတစ်စင်းနဲ့ နေရာအစုံကိုလျှောက်လည်ဖြစ်ခဲ့ကြပါတယ်.. တချို့နေရာတွေကိုတော့ ယောက္ခမဖေဖေက ဒါရိုင်ဘာလုပ်ပြီးလိုက်ပို့ပေးခဲ့ရှာပါတယ်... ယောက္ခမ မတော်ရခင်ကတည်းက ယောက္ခမလောင်းတွေက ကျွန်မအပေါ်မိဘအရင်းတွေလိုပဲ သဘောကောင်းဖော်ရွေခဲ့ကြတာမို့ တောင်ကြီးမြို့လေးကို အလည်တစ်ခေါက်စရောက်ကတည်းကပဲ စိတ်ကျေနပ်ပျော်ရွှင်မှုတွေရရှိခဲ့တာပါ။ အင်းလေးဖောင်တော်ဦးဘုရားကို မောင်နဲ့ကျွန်မသွားတော့ ယောက္ခမဖေဖေက ကားနဲ့လိုက်ပို့ခဲ့ပြီး လှေစီးတော့လည်း လှေပေါ်မှာစုံတွဲပုံလေးတွေကို ဖေဖေက ဓါတ်ပုံရိုက်ပေးခဲ့တာလေးတွေ အခုအထိရှိနေပါသေးတယ်...း)

တောင်ကြီးကို အလည်ရောက်တော့ မှတ်မှတ်ရရ ကျွန်မဆိုးခဲ့တာလေးတွေကိုလည်း သတိရမိနေပါတယ်... မတော်ရသေးတဲ့ မောင့်ရဲ့အဘွားနဲ့ တွေ့တော့ ကျွန်မတက္ကသိုလ်တက်နေတဲ့ အချိန်က ၀ါသနာပါခဲ့တဲ့ ဖဲရိုက်ခြင်းကိုအတူကစားခဲ့ပြီး အဖွဲ့ကျခဲ့ပါသေးတယ်.. :Dနောက်ပြီး တောင်ကြီးရောက်တော့ ရွှေညောင်တပ်ထဲမှာတာဝန်ထမ်းဆောင်နေခဲ့တဲ့ ကျွန်မရဲ့အခင်ဆုံးငယ်သူငယ်ချင်းကို ဖိတ်ခေါ်ပြီး မောင်နဲ့မိတ်ဆက်ပေးခဲ့ပါသေးတယ်... အခင်ဆုံးသူငယ်ချင်းကလည်း အယောင်ယောင်အမှားမှားနဲ့ ထွဏ်းထွဏ်းရဲ့ “ လူကြမ်းကြီးအသဲကွဲတော့ယုံလား ” ဆိုပြီး သီချင်းတပိုင်းတစ်စ ထဆိုသွားတော့ မောင်က အခုအထိ အမှတ်တရနဲ့ စိတ်ဆိုးနေတတ်ခဲ့ပါတယ်...:P :P :D

ပြီးတော့ တောင်ကြီးမြို့လေးမှာ သင်္ကြန်တစ်နှစ်လည်လိုက်ဖူးတာ ပျော်စရာကောင်းခဲ့ပါတယ်ရှင်.. မိသားစုတွေစုပြီး ကားတစ်စင်းနဲ့ တောင်ပေါ်က ဘုန်းကြီးကျောင်းတွေကိုသွားပြီး ဥပုဒ်သီလယူကြတာတွေ ၊ သင်္ကြန်ချိန် အေးအေးချမ်းချမ်းကို မောင်နဲ့အတူဆိုင်ကယ်တစ်စင်းနဲ့ လျှောက်လည်ပြီးပျော်ခဲ့ကြတာလေးတွေကလည်း အမှတ်တရပျော်စရာကောင်းခဲ့ပါတယ်.. မြန်မာပြည်မှာနေစဉ်က တောင်ကြီးကို ခဏခဏရောက်ခဲ့တာမို့ တောင်ကြီးတန်ဆောင်တိုင်ဆိုရင် ချမ်းချမ်းအေးအေးနဲ့ မီးပုံးပျံလေးတွေသွားကြည့်ကြတာ ၊ ပြီးတော့ လေးကောင်ဂျင်တွေဝင်ကစားဖြစ်ခဲ့ကြတာ... တကယ်ပျော်စရာကောင်းခဲ့လို့ အမှတ်တရ မမေ့နိုင်စရာလေးတွေဖြစ်ခဲ့တာပါရှင်။ ကျွန်မကြိုက်တဲ့ ရှမ်းအစားအစာတွေဖြစ်တဲ့ တိုဖူးနွေး၊ ၀က်သားချဉ် ၊ဟင်းထုတ်၊ ငါးထမင်းနယ် ၊တိုဖူးကြော် ၊ ရှမ်ခေါက်ဆွဲ ၊ ခွက်လန်ဖုန်း ၊ စတဲ့ စတဲ့ စားစရာတွေ အကုန် ကျွန်မကကြိုက်လေတော့ တောင်ကြီးမြို့လေးဟာ ကျွန်မအသဲစွဲဖြစ်ခဲ့ရပါတယ်... ပင်းတယလှိုင်ဂူကြီးကိုလည်း မောင်နဲ့အတူလျှောက်လည်ဖြစ်ခဲ့ကြပါတယ်...

ကျွန်မအသက်ကြီးသွားခဲ့ရင်တောင်ကြီးမြို့လေးမှာသွားရောက်အခြေချနေထိုင်ချင်ပါတယ်ရှင်။တောင်ကြီးမြို့သစ်မှာ ကျွန်မယောက္ခမတွေပိုင်တဲ့ တစ်ထပ်တိုက်ပုလေးတစ်လုံးရှိပါတယ်... ယောက္ခမမေမေက သမီးတို့နေရင် အပိုင်ပေးမယ်လို့ပြောထားပါတယ်... မေမေ နဲ့ ဖေဖေ ကတော့ တောင်ကြီးတက္ကသိုလ်နားမှာ တစ်ယောက်ကို စီးပွားရေးတစ်ခုစီနဲ့ ၊ တစ်ယောက်အိမ်တစ်လုံးစီနေကြတဲ့ သိတ်ချစ်ကြတဲ့ အဘိုးကြီး ၊အဖွားကြီး နှစ်ယောက်ဖြစ်ပါတယ်ရှင်.. သားသမီးတွေအားလုံးက ရန်ကုန်မှာနေကြပြီး ဖေဖေ နဲ့မေမေကတော့ တောင်ကြီးကို သံယောဇဉ်ရှိကြလွန်းတော့ တောင်ကြီးမှာပဲ နေနေကြတာပါ။ ကျွန်မဟိုတခါရန်ကုန်ပြန်တော့ ဖေဖေ နဲ့မေမေကရန်ကုန်မှာလာပြီး ပြုစုစောင့်ရှောက်ပေးခဲ့ကြပါတယ်... ကျွန်မရဲ့ ဒုတိယဖေဖေ နဲ့ မေမေဆိုရင်လည်း မမှားပါဘူး။ အဲဒါကြောင့် တောင်ကြီးမြို့လေးကိုချစ်တဲ့ ကျွန်မလည်း အသက်ကြီးလာခဲ့ရင်ဖြင့် ဖေဖေ နဲ့မေမေက အမွေပေးမယ့် တောင်ကြီးမြို့သစ်ကခြံဝင်းလေးနဲ့ တစ်ထပ်တိုက်ပုလေးမှာ မိသားစု ၃ဦးပျော်ရွှင်စွာနေကြပြီး ၂ဖက်မိဘတွေ အသက်ရှင်ကြဦးမယ်ဆိုရင်ဖြင့် အဲဒီခြံဝင်းလေးထဲမှာပဲ နောက်ထပ် တိုက်အိမ်လေးတွေ တစ်ဖက်တစ်လုံးဆောက်ပေးပြီး အနီးကပ်ပြုစုစောင့်ရှောက်ခွင့်ရချင်ပါသေးတယ်....ဖြစ်နိုင်ရင်တော့ မိဘတွေနဲ့ တစ်အိမ်ထဲ အတူတူ မနေချင်ပါဘူး ၊ ဘာဖြစ်လို့လဲဆိုတော့ မောင်က ကျွန်မကိုအရမ်းချစ်တော့ အားနေရင် မိန်းမနားကပ်ချွဲနေတတ်တဲ့မောင် အနေကျုံ့မှာစိုးလို့ပါ။ ဟတ်ဟတ် ( ရှက်)း)))

အဲဒီတောင်ကြီးမြို့သစ်အိမ်လေးမှာ နှင်းဆီခြံလေးစိုက်မယ်... အပျင်းပြေ ကြက်တောင်ရိုက်ကစားကြဖို့ ကြက်တောင်ကစားကွင်းလေးတစ်ခုလုပ်မယ်..ပြီးတော့ ဘ၀ကို အေးအေးချမ်းချမ်းလေးနဲ့ နေထိုင်သွားပြီး မောင်နဲ့အတူ တရားစခန်းလေးတွေအတူတူဝင်ကြရင်းနဲ့ ငြိမ်းချမ်းတဲ့ ဘ၀လေးတွေကိုပိုင်ဆိုင်ချင်ပါတယ်...

(ဟုတ်လား၊ မဟုတ်လားတော့ မသိတော့ဘူး.. အိပ်ငိုက်ငိုက်နဲ့ အကြွေးပြီးအောင်ဆပ်ချင်လို့ရေးလိုက်တာပါ.. မောင်လေးရီနိုမန်ရေ ဒီလောက်နဲ့ပဲကျေနပ်ပါနော်.အိပ်ငိုက်ငိုက်နဲ့ ဆက်ရေးရင် မဟုတ်တာတွေပေါ်ကုန်တော့မယ်. အဟတ်)း)

ကျန်းမာပျော်ရွှင်ကြပါစေ.

အားလုံးကိုလေးစားခင်မင်လျှက်

WWKM

ဆက်ဖတ်ချင်သေးရင် ...